ဧရာဝတီတိုင်းမ်
ဇွန် ၂၉ ရက်

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အင်ဖာထောင်တွင်းမှ မြန်မာစစ်ဘေး ဒုက္ခသည် အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆက်လက်ဆန္ဒပြနေကြကြောင်း အိန္ဒိယ-မြန်မာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ India For Myanmar အဖွဲ့ထံမှ သိရသည်။

အင်ဖားလ်ထောင်တွင်းမှ အကျဉ်းသားများသည် ဇွန်လ ၁၆ ရက်နေ့မှစ၍ အစာငတ်ခံ ဆန္ဒပြခဲ့ကြပြီး ကျန်းမာရေးချို့ယွင်းသူအချို့ ရှိနေကြောင်းသိရသည်။

လက်ရှိတွင် ဆန္ဒပြသူများသည် ထောင်တွင်းမှ ကျွေးမွေးသည့် အစားအစာနှင့် အထောက်ပံ့ပစ္စည်းများ မယူကြတော့ဘဲ ထောင်တွင်းတွင် ၎င်းတို့ကိုယ်တိုင် စိုက်ပျိုးထားသည့် အသီးအရွက်များကိုသာ စားသောက်နေကြပြီး ဆက်လက်ဆန္ဒပြနေကြောင်းသိရသည်။

“အခုထိတော့ ဆန္ဒပြနေကြတုန်းပါ၊ သို့သော်သူတို့ ဆန္ဒပြတဲ့ပုံစံက အစာငတ်လွန်းပြီး အခက်အခဲကြုံတဲ့သူတွေလည်း များလာတဲ့အတွက် ထောင်ကပေးတဲ့ အစားအသောက် ထောက်ပံ့ပစ္စည်းတွေကိုရှောင်ပြီးတော့မှ ထောင်တွင်းမှာ သူတို့စိုက်ထားတဲ့အရွက်လေးတွေကို စားပြီးတော့မှ ရေရှည်တောင့်ခံနိုင်အောင်လုပ်လာတယ်၊ ပုံစံကတော့ နည်းနည်းပြောင်းလဲသွားတယ်ပေါ့” ဟု India For Myanmar တာဝန်ရှိသူ ဆလိုင်းဒိုခါရ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အင်ဖာထောင်တွင်းမှ အကျဉ်းသားအများစုသည် ၎င်းတို့ကျခံရမည့် ပြစ်ဒဏ်နှင့်ငွေဒဏ်များကျခံပြီးသော်လည်း မြန်မာနိုင်ငံ မတည်ငြိမ်မှုများအကြောင်းပြချက်ဖြင့် ထောင်တွင်းတွင် နှစ်ချီပြီး ဆက်လက် ထိန်းသိမ်းခံထားရသူများ ဖြစ်သည်။

“ထောင်ထဲကသူတွေကတော့ လုံးဝအလျော့မပေးဘဲ ထောင်ကပေးတာကျွေးတာကို မစားဘဲ ညတကြိမ် မနက်တကြိမ် ကြွေးကြော်သံတွေနဲ့ ထပ်ပြီး ဆန္ဒပြသွားမယ်လို့ သိထားရပါတယ်။ အခုမဏိပူရ်ထောင်တွင်းက ဆန္ဒပြနေတဲ့သူတွေဟာ တော်လှန်မိတ်ဆွေတွေ တော်လှန်ပြည်သူတွေဖြစ်တယ်ပေါ့။ သူတို့လွတ်မြောက်ရေးက နိုင်ငံတကာရဲ့အသံထွက်ပေးမှုနဲ့ ပြည်တွင်းတော်လှန်ရေးအင်အားစုတွေရဲ့ အကူအညီပေးမှုက အင်မတန်အရေးကြီးပါတယ်” ဟု ဆလိုင်းဒိုခါရ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မဏိပူရ်ပြည်နယ်ရှိ အကျဥ်းထောင်အသီးသီးတွင် မြန်မာစစ်ဘေး ဒုက္ခသည်အပါဝင် မြန်မာနိုင်ငံသား အကျဉ်းသား ၁၇၄ ဦးရှိနေသေးကြောင်း သိရသည်။

#မဏိပူရ်ထောင် #မြန်မာအကျဉ်းသားများ #လွတ်မြောက်ရန် #ဆက်လက်ဆန္ဒပြ #Ayeyarwaddy_Times