
ဧရာဝတီတိုင်းမ်
ဇွန် ၂၉ ရက်
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နမ့်ဟူးကျေးရွာအနီးတွင် ကိုးကန့်တပ်မတော် (MNDAA) နှင့် စစ်ကောင်စီတပ်တို့ ယနေ့ ဇွန် ၂၉ ရက် နံနက် ပိုင်းမှ စတင်၍ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
လားရှိုးမြို့နယ်၊ နမ့်ဟူးကျေးရွာအနီးရှိ စစ်ကောင်စီ စခန်းတစ်ခုကို ယနေ့ နံနက် ၁၀ နာရီ၃၀ မိနစ်ခန့်မှစတင်၍ MNDAA က စတင်ဝင်ရောက်တိုက် ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
“လားရှိုးမှာ MNDAA တပ်နဲ့ စစ်ကောင်စီတိုက်ပွဲဖြစ်နေပြီ။ အချို့နေရာတွေမှာလည်း တပ်စွဲနေရာယူပြီးပြီ” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှနေ၍ လက်နက်ကြီး များ၊ အတွဲ လိုက်ဒုံးများဖြင့် ပစ်ခတ်စစ်ကူပေးနေကြောင်း သိရသည်။
စစ်ကောင်စီက လားရှိုးမြို့တွင် တိုက်ပွဲမဖြစ်ပွားခင် ဇွန်လ ပထမပတ်မှစတင်ပြီး ဒရုန်းများရာချီစုဆောင်းကာ အင်အားတိုးချဲ့၍ စစ်ပြင်ဆင်မှုများပြုလုပ်ထား ပြီး လားရှိုးမြို့အဝင် တံတားများနှင့် လမ်းများကိုလည်း ဖျက်ဆီးမှုများလည်း ပြုလုပ်ထား သည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့က လားရှိုးမြို့နယ်၊ မန်ပွဲ -လားရှိုး ဆက်သွယ် ထားသည့်တံတားနှင့် မန်စံရေ ကျကြိုးတံတား၊ ခိုလိပ်ရထားလမ်း တံတားတို့ကို မိုင်းခွဲဖျက်ဆီးခဲ့သည်။
ထိုသို့တံတားများကို မိုင်းခွဲဖျက်ဆီးခဲ့သည့်အပြင် လားရှိုး-မိုင်းယော်လမ်းပေါ်ရှိ ကောင်း ဟုန်းရွာ၊ နမ့်ဖရွာနှင့် မန်နားရွာများကို ဖြတ်သန်းသွားလာသည့် လမ်းမကြီး သုံးခုကိုလည်း ကန့်လန့်ဖြတ်မြောင်းများ ဖောက်၍ ဖျက်ဆီးထားကြောင်း ဒေသခံများထံက သိရသည်။
လက်ရှိတွင် MNDAA တပ်ဖွဲ့များသည် လားရှိုးမြို့နယ်တွင်သာမက သီပေါမြို့နယ်၊ စဉ့်အင်ရွာဘက်သို့ အင်အား ၁၀၀၀ ကျော်နှင့် လက်နက်ကြီးများသယ်ဆောင်ကာ ဝင်ရောက်တပ်စွဲနေရာယူလျှက်ရှိကြောင်း ဒေသခံများထံက သိရသည်။
#ရှမ်းမြောက် #လားရှိုး #စစ်ကောင်စီ #ညီနောင်မဟာ မိတ် #MNDAA #တိုက်ပွဲဖြစ် #Ayeyarwaddy_Times