ဧရာဝတီတိုင်းမ်
ဇွန် ၂၉ ရက်

ရခိုင်ပြည်နယ်အခြေစိုက် Development Media Group-DMG သတင်းဌာနမှ သတင်းထောက် ကို‌ထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီက အလုပ်နှင့်ထောင်ဒဏ် ငါး နှစ်စီချ မှတ်လိုက်ကြောင်း သိရသည်။

ယမန်နေ့ ဇွန် ၂၈ ရက်နေ့တွင် ကိုထက်အောင်နှင့် ကိုစိုးဝင်းအောင်တို့ကို စစ်တွေမြို့တရားရုံးမှနေ၍ အလုပ်နှင့်ထောင်ဒဏ် ငါး နှစ်စီချမှတ်လိုက်ကြောင်း သိရသည်။

သတင်းထောက် ကိုထက်အောင်သည် ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်နေ့က စစ်တွေမြို့ ဝင်္ကဘာကွင်းတွင် ပြုလုပ်သည့် ဆွမ်းဆန်စိမ်းလောင်းပွဲတွင် သတင်းပုံရယူနေစဉ် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ထို့နောက် ကိုထက်အောင်ကို ခြိမ်းခြောက်အကျပ်ကိုင်ကာ DMG ရုံးခန်းသို့ လိုက်ပြခိုင်းခဲ့ပြီး ညစောင့်ဖြစ်သူ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်ကိုပါ ဖမ်းဆီး၍ ရုံးအတွင်း ဝင်ရောက်မွှေနှောက်ရှာဖွေခဲ့သည်။

စစ်ကောင်စီသည် DMG ရုံးခန်းအတွင်းရှိ ကင်မရာ၊ ကွန်ပျူတာ၊ ရိုက်ကူးရေးသုံးပစ္စည်း၊ မှတ်တမ်းစာ ရွက်စာတမ်းများ၊ ဘဏ်စာအုပ်များ၊ ဝန်ထမ်းလစာငွေသားနှင့် ရုံးပိုင်ပစ္စည်းအားလုံးကို သိမ်းယူသွားခဲ့ သည့်အပြင် ရုံးကိုလည်း ချိပ်ပိတ်သွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ကိုထက်အောင်နှင့်ကိုစိုးဝင်းအောင် နှစ်ဦးကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ချုပ်နှောင်ဖမ်းဆီး၍ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မပေးဘဲ စစ်ကြောရေးသို့ နှစ်ကြိမ်ထက်မနည်းပို့ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ ဖြင့် ချုပ် ရက်ရမန်ယူကာ စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ပြီး ချုပ်ရက်ပြည့်ချိန်တွင် ဆိုင်ကယ်ခိုးမှုဖြင့် ရမန်ထပ်ယူ၍ ချုပ်နှောင်ခဲ့ကြောင်း သိရသည်။

DMG သတင်းဌာနမှ သတင်းထောက် နှင့်ရုံးဝန်ထမ်းတို့ကို စစ်တွေမြို့ အမှတ် ၁ ရဲစခန်းမှ ရဲအုပ်ဗိုလ်ဗိုလ်ကျော်က တရားလိုပြုလုပ်၍ အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၂ (က) ဖြင့် တရားစွဲဆိုခဲ့ပြီး အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်စီချမှတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် ထိုသို့ အမှုဖွင့်လှစ်ရာတွင် ၂၀၂၃ ဩဂုတ်လ ၂၅ ရက်နေ့တွင် DMG သတင်းဌာနကဖော်ပြခဲ့သည့် “လူမျိုးတုံး သတ်ဖြတ်မှုကို အရေးယူပေးရန် မူဆလင်များတောင်းဆို” ဆိုသည့် သတင်းနှင့်ပတ်သက်ပြီး အမှုဖွင့် လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် သတင်းထောက်ကိုထက်အောင်နှင့် ရုံးဝန်ထမ်းကိုစိုးဝင်းအောင်တို့အပြင် DMG မှ သတင်း ထောက်နှင့် အယ်ဒီတာများအပါအဝင် ၁၈ ဦးကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး ယင်းဝန်ထမ်းများကို စစ်ကောင်စီက တရားခံပြေးများအဖြစ်သတ်မှတ်ကြေညာထားသည်။

ထိုသို့ DMG သတင်းထောက်နှင့် ရုံးဝန်ထမ်းတို့အပေါ် စစ်ကောင်စီက ထောင်ဒဏ်ချမှတ်မှုနှင့်ပတ်သက်ပြီး သတင်းမီဒီယာများက ကန့်ကွက်ရှုတ်ချထားပြီး သတင်းလွတ်လပ်ခွင့်၊ သတင်းသမားဘေးကင်းလုံခြုံခွင့်၊ ပြည်သူများသတင်းမှန်သိပိုင်ခွင့်ကို ရိုက်ချိုးရာရောက်သည့်အတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာအစိုးရများက စစ်ကောင်စီကို ဖိအားပေးရန် တိုက်တွန်းတောင်းဆိုထားသည်။

ဓာတ်ပုံ-DVB

ပုံစာ-၂၀၂၃ အောက်တိုဘာလ ၂၉ ရက်နေ့တွင် စစ်ကောင်စီက ချိပ်ပိတ်ခဲ့သော DMG သတင်းဌာနကို တွေ့ရစဉ်

#ရခိုင်အခြေစိုက် #DMGသတင်းဌာန #သတင်းထောက် #ရုံးဝန်ထမ်း #စစ်ကောင်စီ #ထောင်ဒဏ်၅နှစ် #ချမှတ် #Ayeyarwaddy_Times