
ဧရာဝတီတိုင်းမ်
(ညောင်လေးပင်)၊ ဇွန် ၂၉ ရက်
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ကောက်မယ်သူကျေးရွာကို စစ်ကောင်စီက ပြီးခဲ့သည့် ဇွန် ၂၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်က ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်ခြင်း၊ လက်နက် ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ရာ ဒေသခံ ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကောက်မယ်သူကျေးရွာကို ဒရုန်းဖြင့် ဗုံးသီး သုံးလုံးချတိုက်ခိုက်ခဲ့သည့်အတွက် ကျောက်ကြီးမှ ညောင်လေးပင် သို့ ပစ္စည်းဝယ်ယူရန်လာသည့် ကျောက်ကြီး ဒေသခံများကို ထိမှန်ခဲ့ကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သေဆုံးသူများမှာ ကိုထွန်းလင်းအောင်၊ စောသထော၊ ကိုအောင်နိုင်ဌေး၊ စောကမူးသ နှင့် အမည်သိရခြင်းမရှိသေးသည့် အရပ်သားသုံးဦး တို့ပါဝင်ပြီး စုစုပေါင်း ခုနစ် ဦး သေဆုံး ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“ညောင်လေးပင်ကနေ တော်ဝိကျေးရွာ ကောက်ကွေ့ဘက်ကိုရောက်လာပြီးတော့ လက်နက်ကြီးနဲ့ရော ဒရုန်းနဲ့ပါပစ်ချတာ ဒရုန်း သုံးလုံးချတဲ့အချိန် ဆုံးသွားတာ ခုနစ်ယောက်ပေါ့။ သူတို့ကကျောက်ကြီးကနေ ညောင်လေးပင်ကို ပစ္စည်းတက်ဝယ်တဲ့ ဆိုင်ကယ်ကယ်ရီသမားတွေ။ သူတို့သွားလို့ရှိရင် အစုလိုက် အစုလိုက် သွားကြတာ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ညောင်လေးပင်မြို့နယ်၊ တော်ဝိကျေးရွာတွင် ပြီးခဲ့သည့် ဇွန် ၂၇ ရက်နေ့က တော်လှန်ရေး ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီးနောက် နောက်တစ်နေ့တွင် စစ်ကောင်စီက ယခုကဲ့သို့ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီသည် အာဏာသိမ်းထားသည့် အချိန်မှစ၍ ယခုကဲ့သို့ လူ ငါး နှင့် အထက် အစုလိုက်အပြုံသတ်ဖြတ်ခြင်းများကို မကြာခဏပြုလုပ်လေ့ရှိပြီး ယခု ၂၀၂၄ ခုနှစ်ဇန်နဝါရီ မှ ဧပြီလကုန်အထိ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဥ်ပေါင်း ၄၆ ခုပြုလုပ်ခဲ့ပြီး အရပ်သား ၃၆၉ ဦး သေဆုံးခဲ့ရကြောင်း ဉာဏ်လင်းသစ်သုတေသန အဖွဲ့အစည်း၏ အစီရင်ခံစာအရ သိရသည်။
ဓာတ်ပုံ – ပေးပို့
#ညောင်လေးပင် #စစ်ကောင်စီ #ဒရုန်းဖြင့်တိုက်ခိုက် #အရပ်သားသေဆုံး #အစုလိုက်အပြုံလိုက် #Ayeyarwaddy_Times