ဧရာဝတီတိုင်းမ်
ဇွန် ၂၉ ရက်

ဧရာဝတီတိုင်းအတွင်း မီးလောင်မှုနှင့် ယာဥ်တိမ်းမှောက်မှုကြောင့် ၂ ပတ်အတွင်း အမျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ကြံခင်းမြို့နှင့် ငပုတောမြို့တွင် မီးလောင်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေးဒရဲမြို့နှင့် ကန်ကြီးထောင့်မြို့နယ်တို့တွင် ယာဥ်တိမ်မှောက်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသား ၁ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

” မီးလောင်တာတွေမှာက အချိန်မှီထွက်နိုင်တော့ လူသေတာမျိုးမရှိဘူး၊ ဒဏ်ရာ အနည်းအပါးရတာလောက်ပဲ။ ကားမှောက်တာမှာ အမျိုးသား ၁ ဦး သေတာရှိတယ်၊ အဲ့တာက ဒေးဒရဲမှာ ဖြစ်တဲ့ဖြစ်စဥ်ပါ”ဟု မီးသတ်တပ်ဖွဲ့ဝင်တဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ဒေးဒရဲမြို့နယ်၊ ရှမ်းရွာကျေးရွာအနီး ဖျာပုံ – ဒေးဒရဲကားလမ်းအတိုင်း မောင်းနှင်လာချိန် ဇွန်လ ၇ ရက်နေ့ ညပိုင်းက လမ်းဘေးထိုးကျတိမ်းမှောက်ခဲ့ပြီး အမျိုးသား ၁ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။

မီးလောင်မှု ၂ ကြိမ်တွင် ဇွန်လ ၉ ရက်နေ့က ငပုတောမြို့နယ်၊ ဂွေးကုန်းကျေးရွာအပိုင် မြစ်ထဲတွင် စက်လှေတစီး မီးလောင်မှုမှာ ၃ နာရီကြာ မီးသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ထုတ်ပြန်ချက်များအရ သိရသည်။

#မီးလောင်မှု #ယာဥ်တိမ်းမှောက်မှု #လူသေဆုံး #မီးသတ်တပ်ဖွဲ့ #Ayeyarwaddy_Times