ဧရာဝတီတိုင်းမ်
ဇွန် ၂၉ ရက်

မန္တလေးတိုင်း၊ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်ကို စစ်ကောင်စီ က ဖမ်းဆီးထားပြီး စစ်ကြောရေးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

စစ်ကောင်စီသည် တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်ကို ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) စတင်ဖြစ်ပွားသည့် ပြီးခဲ့သည့် ဇွန် ၂၅ ရက်နေ့က မတ္တရာမြို့နယ်၊ အင်ကြင်း မြိုင် လေကြောင်းကာကွယ်ရေးတပ် အသိမ်းခံရပြီးနောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြည်ခိုင်နှင့် စစ်တပ်အရာရှိအချို့ကို စစ်ကောင်စီက ဝင်းနိမ္မိတာရုံ ဆရာတော် ကြီးပစ်ခတ်သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ခေါ်ယူစစ်ဆေးမေးမြန်းနေခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက BBC သတင်းဌာနကို အတည်ပြုပြောကြားထား သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖမ်းဆီးစစ်ဆေးနေသည်များကို မန္တလေးတိုင်းအတွင်း၌ပင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပြီး ဆရာတော်ကြီး ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ ပါဝင်ပတ်သက်သူများ၊ မျက်မြင်သက်သေများနှင့် ဒေသခံများအထိကိုပါ စုံစမ်း စစ်ဆေးလျက်ရှိသည်ဟု ဆိုသည်။

ဗိုလ်ချုပ်ကြည်ခိုင်နှင့်အဖွဲ့ကို နေပြည်တော်စစ်ကြောရေးသို့ပို့ဆောင်ပြီး စစ်ဆေးနေသည် ဟုလည်း တပ်တွင်းသတင်းရင်းမြစ်များ၏ အတည်ပြုပြောကြားချက်များလည်း ရှိနေသည်။

“သူတို့ကို အဓိကဖမ်းတာက အချက်သုံးချက်နဲ့ ငြိပြီး စစ်ဆေးနေတယ်။ အင်ကြင်းမြိုင်စခန်း အသိမ်းခံရတာရယ်၊ ဝင်းနိမ္မိတာရုံ ဆရာတော်ပျံလွန်တော်မူတဲ့ ကိစ္စရယ်၊ နောက်ထပ်ကိစ္စကတော့ တပ်ထဲကအသံ ထွက်လာတာပါ။ ပုန်ကန်ဖို့ စည်းရုံးရေးဆင်းနေတယ်ဆိုပြီး အဲဒီအချက်တွေနဲ့ ခေါ်ပြီးစစ်ဆေးနေတယ်”ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဗိုလ်ချုပ်ကြည်ခိုင်သည် စစ်တက္ကသိုလ်အပတ်စဉ်(၃၇) ဆင်းဖြစ်ပြီး မကွေးတိုင်း၊ ရေစကြိုဇာတိဖြစ်ကာ တပ်မတော်နည်းပညာတက္ကသိုလ် DSTA ကျောင်းအုပ် အဖြစ် ဆောင်ရွက်ခဲ့သူလည်းဖြစ်ကြောင်း သိရသည်။

၎င်းသည် ၂၀၂၃ နှစ်ကုန်ပိုင်းမှ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူးအဖြစ် ခန့်အပ်ခံရသူဖြစ်ကာ မန္တလေးနှင့် ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီဆန့် ကျင်သူများကို ရက်ရက်စက်စက် နှိမ်နင်းခဲ့သူတစ်ဦးလည်း ဖြစ်သည့်အတွက် စစ်ခေါင်းဆောင်က အားထား‌သည့် စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သည်။

ယခုကဲ့သို့ ဖမ်းဆီးခြင်းမခံရမီ ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံရမှုတွင် မျက်မြင် သက်သေဖြစ်သည့် ကန်သုံးဆင့်ဆရာတော်ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ မန္တလေးနန်းတွင်းစစ်ကြောရေးသို့ ခေါ်ဆောင်ပြီး နာရီနှင့်ချီကြာအောင် ၎င်းတို့ အလိုရှိသည့် အဖြေရရှိရန်အတွက် စစ်ကြောမေးမြန်းခဲ့ကြောင်း သိရသည်။

ထိုစဉ်က ဗိုလ်ချုပ်ကြည်ခိုင်၏ လက်အောက်ခံတပ်ဖွဲ့များနှင့် ပျူစောထီးအဖွဲ့များက ဝင်းနိမ္မိတာရုံဆရာတော်ကို Faw ကားဖြင့် လိုက်လံပစ်ခတ်သည်ကို PDF များက လုပ်ဆောင်သည်ဆိုသည့် အဖြေမျိုးရရှိရန် ကန်သုံးဆင့်ဆရာတော်ကို ဖိအားပေး မေးမြန်းခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဗိုလ်ချုပ်ကြည်ခိုင်နှင့် ၎င်း၏ကိုယ်ရေး အရာရှိအပါအဝင် စစ်တပ်အရာရှိများကို စစ်ကောင်စီက စစ်ဆေးမေး‌မြန်းရန် စစ်ကြောရေးသို့ပို့ဆောင် ထားကြောင်း သိရသည်။

ဓာတ်ပုံ- MWD
ပုံစာ-မကွေးမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများကို မန္တလေးတိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်နှင့်အဖွဲ့ သွားရောက်ကြည့်ရှုစဉ် (၂၀၂၃ အောက်တိုဘာ ၂၇)

#မန္တလေး #အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး #ဗိုလ်ချုပ်ကြည်ခိုင် #စစ်ကြောရေးအပို့ခံရ #Ayeyarwaddy_Times