ဧရာဝတီတိုင်းမ်
ဇွန် ၂၉ ရက်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် ရာသီတုတ်ကွေး ဖျားနာသူ ၂၀၀ နီးပါးဖြစ်ပွားပြီး ဆေးဝါများ အရေးပေါ်ကူညီလိုအပ်နေကြောင်း ဒေသခံများထံက သိရှိရသည်။

ကန်ပက်လက်မြို့နယ် မကြားကျေးရွာ၊ ခေးလောင်းကျေးရွာနှင့် မရွှီကျေးရွာတို့တွင် ရာသီတုတ်ကွေး ဖျားနာသူ (၁၀၀) နီးပါးရှိပြီး ဆော်လောင်းကျေးရွာနှင့် တခြားကျေးရွာများတွင် ဖြစ်ပွားသူ (၆၀) ကျော်ထိ ရှိကြောင်း သိရှိရသည်။

ယခင်က ကန်ပက်လက်မြို့နယ်တွင် ရာသီတုတ်ကွေး ဖြစ်ပွားခြင်း ရှိခဲ့သော်လည်း ယခုကဲ့သို့ အစုပြုံလိုက် ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ဒေသခံများကဆိုသည်။

“ရွာတိုင်းလိုလိုမှာ ဖြစ်သွားတာပါ။ နေကောင်းလိုက်၊ ပြန်ကောင်းလိုက်နဲ့ အန်တယ်၊ ဝမ်းလျောတယ်၊ ဖျားတယ်၊ ချမ်းတုန်တယ်၊ အဲ့လိုတွေဖြစ်နေတာပါ။ ဖြစ်တာက အစုံပါဘဲ။ ဆေးလည်း မရှိဘူး။ ရွာမှာရှိတဲ့ ဆေးတွေလည်း လူနာများလာတဲ့အတွက် ဆေးကုန်သွားပါပြီ။”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကန်ပက်လက်မြို့နယ်တွင် ရာသီတုတ်ကွေးဖြစ်ပွားမှုနှုန်း မြင့်တက်လာသည့်အတွက် ကျန်းမာရေးနှင့် ပတ်သက်ပြီး အကူညီများပေးစေလိုကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့ကျန်းမာရေးအဖွဲ့ တာဝန်ရှိသူက တောင်းဆိုထားသည်။

“ဖြစ်တာက ပိုများလာတာပေါ့နော်။ လောဆယ်သေဆုံးတဲ့အထိတော့ မရှိသေးဘူး။ ဆေးဝါးတွေ ရနိုင်ဖို့ ဝိုင်းဝန်းကူညီပေးစေလိုတယ်။ ကျွန်တော်ဆီက ရှိတဲ့ဆေးတွေကလည်း ကုန်သွားပြီပေါ့နော်။ ရာသီအကူးအပြောင်းကာလမို့ထင်ပါတယ်။ ကလေးလူငယ်မကျန်ဖြစ်တာပါ။”ဟု ကန်ပက်လက်မြို့နယ် ပြည်သူ့ကျန်းမာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ပထမအပတ်တွင်လည်း ပလက်ဝမြို့နယ်နှင့် မင်းတပ်မြို့နယ်တွင် ဖြစ်ပွားသည့် ဝမ်းလျော့၊ ဝမ်းပျက်ဖြစ်သောကြောင့် လူ ၁၀ဦးခန့် သေဆုံးခဲ့သည်။

#ကန်ပက်လက်မြို့ #ရာသီတုတ်ကွေး #ဖျားနာသူ #၂၀၀နီးပါးဖြစ်ပွား #ဆေးဝါးများ #အကူညီလိုအပ်
#Ayeyarwaddy_Times