ဧရာဝတီတိုင်းမ်
ဇွန် ၂၉ ရက်

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ် မိသားစုတပိုင်တနိုင်ကျားဖောင်ရေလုပ်ငန်းများတွင် လူငယ်ရေ လုပ်သားရှားပါးမှုဖြင့် ရင်ဆိုင်နေရကြောင်း ရေလုပ်ငန်းလုပ်ကိုင်သူများထံက သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် မတ်လမှစတင်၍ ဧရာ၀တီတိုင်းအတွင်းရှိ ဒေသခံလူငယ်အမျိုးသားများကို ပြည်သူ့စစ်မှုထမ်းရန် မဲနှိုက်ရွေးချယ်ခြင်းနှင့် စစ်သင်တန်းတက်ရောက်ရန်အတင်းအကျပ်စေလွှတ်ခြင်းများလုပ်ဆောင်ခဲ့သည်။

စစ်ကောင်စီက ထိုသို့လုပ်ဆောင်နေခြင်းကြောင့် ဒေသခံလူငယ်ရေလုပ်သားများမှာ ထွက်ပြေးတိမ်းရှောင်နေရ၍ ဖျာပုံမြို့နယ်အတွင်းရှိ တနိုင်တပိုင်လုပ်ကိုင်နေသည့် ကျားဖောင်ငါးဖမ်းလုပ်ငန်းများတွင် လုပ်သားရှားပါးမှုဖြင့်ကြုံတွေ့လာရကြောင်း ကျားဖောင်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများထံက သိရသည်။

“မတ်လလောက်ထဲက စစ်မှုထမ်းပါတယ်ဆိုပြီးတော့ ရေလုပ်သားကောင်လေးတွေကို စစ်တပ်နဲ့ရွာအုပ်ချုပ်ရေးအဖွဲ့တွေအတင်းခေါ်သွားကြတာ။ အခုဆို မိသားစုလုပ်ငန်း တွေမှာ မိန်းမတွေနဲ့အသက်ကြီးတဲ့အမျိုးသားသူတွေပဲ ရှိတော့တာဆိုတော့ အလုပ်မတွင် တော့တာကြာပြီပေါ့။ အခုက ရေလုပ်ငန်းအလုပ်နားချိန်ဆိုပေမယ့် ပြန်စတဲ့အခါကျရင် လူမရှိတော့ ဘယ်လိုလုပ်ရမလဲမသိတော့ဘူး”ဟု ဒေါငြိမ်းကျေးရွာရှိ တနိုင်တပိုင် ကျားဖောင်ရေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဖျာပုံမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ ဩဂုတ်လအတွင်းက လိုင်စင်မဲ့ ကျားဖောင်လုပ်ငန်း ၁၀၀ ကျော်အထိရှိခဲ့သော်လည်း စစ်မှုထမ်းဥပဒေပြဌာန်းအတည်ပြုခဲ့သည့် ၂၀၂၄ ဖေဖော်ဝါရီကစတင်၍ ယခု ဇွန်လနောက်ဆုံးပတ်ထိ ကျားဖောင်လုပ်ငန်း ၃၀ ဝန်းကျင်မျှသာကျန်ရှိတော့ကြောင်းဖျာပုံမြို့နယ်၊ ကျားပိုက်လုပ်ငန်းရှင် အသင်းအဖွဲ့ဝင်များထံကသိရသည်။

“ဖျာပုံမှာကျားဖောင်လုပ်ငန်းတွေသိပ်မကျန်တော့ဘူး။ အဓိကအနေနဲ့ စစ်မှုထမ်းဥပဒေ ကြောင့်ပေါ့။ ရေလုပ်သားလူငယ်တွေ စက်လှေကမ်းကပ်တာနဲ့ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့နဲ့စစ်တပ်တွေက သင်တန်းတက်ဖို့စာရင်းကော တစ်ခါထဲခေါ်ကြတော့ လုပ်ငန်းတွေ ရပ်သွားတယ်။ အရင်မနှစ်က ဆိုရင် ကျားဖောင်လုပ်တဲ့သူ ရာနဲ့ချီရှိတာ။ အခုဆို ရေလုပ်သား မရှိတာရယ် လုပ်သားတွေရှောင်ကြတာရယ်ကြောင့် လုပ်ငန်းလုပ်တဲ့သူ ၃၀ ဝန်းကျင်လောက်ပဲကျန်တော့တယ်။နောက်ထပ်လည်းလုပ်ငန်းရပ်နားတာတွေရှိလာမလား ထပ်ကြည့်ရအုံးမယ်”ဟု ဖျာပုံမြို့နယ်၊ ကျားပိုက်လုပ်ငန်းရှင် အသင်း အဖွဲ့ဝင် တစ်ဦးကဆိုသည်။

ဖျာပုံမြို့နယ်ရှိ ကျားဖောင်ငါးဖမ်းလုပ်ငန်းသည် ဝါးဖောင်များနှင့်ပိုက်ထောင်ကာ မုတ္တမ ပင်လယ်ကွေ့တွင် လနှင့်ချီအထိုင်ချပြီး ငါး၊ ပုစွန်နှင့် ရေထွက်သတ္တဝါများကို ဖမ်းယူသည့် လုပ်ငန်းဖြစ်ပြီး ဒေါ်ငြိမ်း၊ နောက်မီးနှင့် ခါးပြတ် စသည့်ကျေးရွာများတွင် အများဆုံးလုပ်ကိုင်ကြခြင်းဖြစ်သည်။

ထို့အပြင် ဖျာပုံမြို့နယ်ရှိကျားဖောင်ရေလုပ်ငန်း များအတွင်း လူကုန်ကူးဖြစ်စဉ်များအပြင် ရေလုပ် သားအချို့ရိုက်နှက်ခံရမှုဖြစ်စဉ်ကြောင့် ၂ဝ၂ဝ–၂ဝ၂၁ ခုနှစ် ငါးဖမ်းရာသီတွင် ငါးလုပ်ငန်းဦးစီးဌာနမှ လုပ်ငန်းလိုင်စင်ရှိသူများကိုသာ ငါးဖမ်းခွင့်ပြုခဲ့သော်လည်း စစ်အာဏာသိမ်းမှုကာလ၂၀၂၁ ခုနှစ် နိုဝင်ဘာလကစပြီး လိုင်စင်မဲ့တရားမဝင် လုပ်ကိုင်သူအများအပြား ရှိခဲ့ကာ လူကုန်ကူးဖြစ်စဉ်များပြန်လည်ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံရေလုပ်သားများထံကသိရသည်။

ကျားဖောင်လုပ်ငန်းအတွက် နှစ်စဉ် သြဂုတ်လမှစတင်ကာ ရေလုပ်သား စုဆောင်း လေ့ရှိပြီး စက်တင်ဘာတွင် ပင်လယ်ပြင်သို့ ထွက်ခွာကာ နောက်နှစ် ဧပြီအထိ လုပ်ကိုင်၍ ကျားဖောင်လုပ်ငန်းပိတ်သိမ်းကြောင်း သိရသည်။

ဓာတ်ပုံ- လူမှုကွန်ရက်

#စစ်မှုထမ်းဥပဒေ #ဒေသခံလူငယ်များထွက်ပြေး #ဖျာပုံ #တနိုင်တပိုင် #ကျားဖောင်လုပ်ငန်းများ #လုပ်သားရှားပါး #Ayeyarwaddy_Times