ဧရာဝတီတိုင်းမ်
ဇွန် ၂၉ရက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် AAတို့တိုက်ပွဲဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီက အင်အား ၁၀၀၀ ကျော်ဖြင့် ခုခံစစ်ပြင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၂၂ရက်ကစတင်ခဲ့သည့် သံတွဲမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီက တပ်မ ၂၂မှ စစ်ကူအင်အား ရာကျော်နှင့် အခြားတပ်မ တပ်ရင်းများမှ စစ်အင်အားများထုတ်နှုတ်၍ အင်အားဖြည့်ထားကြောင်း ရခိုင်စစ်ရေး သတင်းရင်းမြစ်ထံမှ သိရသည်။

“တပ်မ ၂၂တပ်ဖွဲ့တွေကိုတော့ ဇွန် ၂ရက်နေ့နောက်ပိုင်းမှခေါ်ပြီး အင်အားဖြည့်ထားတာ။ တခြားတပ်ဖွဲ့တွေကတော့ သူဌေးရေအားလျှပ်စစ်နားက လက်နက်ကြီးစခန်းနား တိုက်ပွဲဖြစ်ကတည်းက သင်္ဘောတွေနဲ့ရော လေယာဉ်တွေနဲ့ပါ စစ်ကူပို့ထားတာ။ အခုက သံတွဲမြို့ပေါ်နဲ့ ငပလီမြို့ပေါ်မှာ တိုက်ပွဲက တအားပြင်းထန်နေတယ်” ဟု သံတွဲဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် မောင်တောတိုက်ပွဲများအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်ကောင်စီက ပြန်လည်ခေါ်ဆောင်လာပြီး သံတွဲတိုက်ပွဲများအတွင်း အသုံးပြုနေကြောင်း သိရသည်။

ရက်တို စစ်သင်တန်းပေး၍ လက်နက်တပ်ဆင်ပေးထားသည့် မူဆလင်လက်နက်ကိုင်များကိုလည်း သံတွဲတိုက်ပွဲအတွင်း စစ်ကောင်စီက ဝင်ရောက်တိုက်ခိုက်ခိုင်းထားကြောင်း သိရသည်။

သံတွဲမြို့ကို လက်မလွှတ်ရစေရေးအတွက် စစ်ကောင်စီက ယခုကဲ့သို့အင်အားထောင်ချီအသုံးပြု ခုခံစစ်ပြင်နေခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက တပ်ဖွဲ့များကို သံတွဲမြို့နယ်အတွင်းရှိ ရဲစခန်း၊ ဘားတောင်းတောင်၊ ဆေးရုံ၊ ဘဏ်၊ အံတော်တံတား၊ စာနီတောင် စသည့်နေရာများတွင် တပ်စွဲထား၍ ခုခံစစ်ပြင်ထားကြောင်း သိရသည်။

ယမန်နေ့ ဇွန် ၂၈ရက်နေ့နှင့် ယနေ့ဇွန် ၂၉ရက်နေ့တို့တွင် စစ်ကောင်စီက သံတွဲမြို့ပေါ်သို့ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ရွှေကျောင်းပြင်ကျေးရွာနှင့် ရောင်ခြည်ဦး ကျေးရွာများသို့ ပေါင် ၅၀၀ဗုံးများကျရောက်ပြီး ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များ မီးလောင်ပျက်စီး ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၂၃ရက်နေ့ကလည်း သံတွဲလေဆိပ်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို AAက ဝင်ရောက်တိုက်ခိုက်ပြီး လေဆိပ်ကိုထိန်းချုပ်လိုက်ကြောင်း သိရသည်။

လက်ရှိတွင် AAက သံတွဲမြို့အတွင်း ကျန်ရှိနေသည့် တပ်စခန်းများနှင့် ခလရ ၅၅ကိုပါတိုက်ခိုက်နေကြောင်း သိရသည်။

သံတွဲမြို့ပေါ်သို့တိုက်ပွဲရောက်လာနိုင်သည့်အတွက် AAက သံတွဲမြို့ခံများကို ပြီးခဲ့သည့် ဇွန် ၂၀ရက်နေ့ကတည်းက ဘေးလွတ်ရာသို့ပြောင်းရွှေ့ရန် အသိပေးထားသည်။

#သံတွဲ #စစ်ကောင်စီ #တပ်မ ၂၂ #အင်အားထောင်ချီ #စစ်အင်အားဖြည့်တင်း #Ayeyarwaddy_Times