ဧရာဝတီတိုင်းမ်
ဇွန် ၂၈ ရက်

ဧရာ၀တီတိုင်း၊ ရေကြည်မြို့တွင် ဇွန်လ ၂၆ရက်နေ့က စစ်ကောင်စီကို ဆန့်ကျင်သည့်စာများ လူမှုကွန်ရက်
(facebook)တွင် ရေးသားသည်ဟုစွပ်စွဲကာ အမျိုးသမီးတစ်ဦး အဖမ်းခံလိုက်ရကြောင်း ဒေသခံများ ထံမှသိရှိရသည်။

“၂၆ရက်နေ့က ရဲတွေရောက်လာပြီး facebookမှာတင်တဲ့စာနဲ့ပတ်သတ်ပြီးစစ်ဆေးစရာရှိတယ် ဆိုပြီး ခေါ်သွားတာ မနေ့ကကြားတာအမှုဖွင့်လိုက်တယ်လို့သိရတယ်သူ့ကို တစ်ယောက်ယောက်က တိုင်လိုက်တာလို့ယူဆရတယ်”ဟု မြို့ခံတစ်ဦးမှ​ဧရာ၀တီတိုင်မ်းကိုပြောသည်။

ဖမ်းဆီးခံရသူမှာရေကြည်မြို့၊ဗထူးရပ်ကွက်တွင်နေထိုင်သူ မခင်မေအေးဆိုသူဖြစ်ပြီး ဇွန်လ (၂၆)ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်နှင့်ရဲများမှ နေအိမ်ကို ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှသိရှိရသည်။

ဧရာ၀တီတိုင်းတွင် စစ်ကောင်စီ သတင်းပေးများက လူမှုကွန်ရက်(facebook)နှင့် Tiktot စသည်တို့ကို စောင့်ကြည့်မှုများပြုလုပ်နေပြီး ဇွန်လအတွင်း ဖမ်းဆီးခံရသူ ရှစ်ဦး ခန့်ရှိ ပြီဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင်မခင်မေအေးအား နိုင်ငံတော်အစိုးရအား အကြည်ညိုပျက်စေရန်နှင့် အများ ပြည်သူများ အထိတ်တလန့်ဖြစ်စေရန်အတွက် မမှန်သတင်းများအား လူမှုကွန်ရက်မှတစ်ဆင့် ဖြန့်ဝေမှုများနှင့်စွပ်စွဲပြီး ရေကြည်မြို့ရဲစခန်းမှအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၅၂(က)၊ ၅၀၅(က)နှင့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေများနှင့် တရားစွဲဆိုရန် ပြုလုပ်နေကြောင်းသိရသည်။

#ရေကြည်မြို့ #စစ်ကောင်စီ #ဆန့်ကျင်သည့်စာများ #လူမှုကွန်ရက် #အမျိုးသမီးတစ်ဦးဖမ်းဆီးခံရ
#Ayeyarwaddy_Times