ဧရာဝတီတိုင်းမ်
ဇွန် ၂၈ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဇူလကျေးရွာအနီး စစ်ကောင်စီ၏ နခခ ၅ မြို့သူကြီး နယ်ခြားစောင့်စခန်း လက်နက်ကြီးအထိုင်ချ ကာကင်းကို အာရက္ခတပ်တော် AAက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား‌နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၂၅ရက် ည ၁၀နာရီခန့်ကစပြီး ဇူလကျေးရွာအနီး စစ်ကောင်စီနှင့် အာရက္ခတပ်တော်AAတို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွား‌နေပြီး စစ်ကောင်စီက လေကြောင်းမှနေ၍ အပြင်းအထန်ခုခံနေကြောင်း သိရသည်။

“နခခ ၅လက်နက်ကြီးအထိုင်ချ ကာကင်းစခန်းတွေကို တိုက်နေတာပါ။ မနေ့ကလည်း တ‌စ်နေကုန် အပြန်အလှန်ပစ်ခတ်နေတယ်။ တိုက်ပွဲကပြင်းထန်ပါတယ်” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇွန် ၂၆ရက်နေ့ ည ၁၀နာရီခန့်တွင် စစ်ကောင်စီက ဇူလကျေးရွာကို ဂျက်ဖိုက်တာဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ရွှေဇားကျေးရွာအုပ်စုမှ မူဆလင် ၄၀၀၀ ကျော်ကို ကယ်ထုတ်ပေးခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၂၃ရက်နေ့တွင် AAက မောင်တောရှိ စစ်ကောင်စီ၏ နခခ ၂ နယ်ခြားစောင့်စခန်းကို သိမ်းယူခဲ့ပြီး အမ်းမြို့နယ်ရှိ ကဇုကိုင်းကျေးရွာအုပ်စု တောဟိန်းတောင် ဗျူဟာကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။

#မောင်တော #စစ်ကောင်စီ #AA #တိုက်ပွဲပြင်းထန် #နခခ၅မြို့သူကြီး #Ayeyarwaddy_Times