ဧရာဝတီတိုင်းမ်
ဇွန် ၂၈ ရက်

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောက်တလိုင်ခရိုင်တွင် မြန်မာနိုင်ငံကို တင်ပို့မည့် ကုန်ပစ္စည်း ကားအစီးရေ (၁၀၀) ကျော် ထုတ်ယူခွင့်မရဘဲ ပိတ်မိနေကြောင်း မြန်မာကုန်သည်များထံက သိရှိရသည်။

မြန်မာ – အိန္ဒိယ ဆက်သွယ်ထားသည့် ပလက်ဝ – လောက်တလိုင် ကုန်သွယ်ရေး လမ်းကြောင်းများကို မီဇိုရမ်ပြည်နယ်မှ အသိပေး အကြောင်းကြားထားခြင်းမရှိဘဲ ဇွန်လ ၂၄ ရက်နေ့တွင် ပိတ်သိမ်းလိုက်သောကြောင့် မြန်မာဘက်သို့ တင်ပို့မည့် ကုန်ပစ္စည်းများ ပိတ်မိနေခြင်းဖြစ်သည်။

“ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ပိတ်မယ့်လို့ ကြိုတင် အသိပေး၊ အကြောင်းကြားထားခြင်းမရှိ ယခုလို ပိတ်လိုက်တော့ ကျွန်တော်တို့ဘက်က ဘာမှပြင်ဆင် ဆောင်ရွက်လို့မရလိုက်ဘူး။ အခု လောက်တလိုင်မှာ မြန်မာပြည်ကို တင်ပို့မယ့် ကုန်ပစ္စည်းတွေ ကျန်ခဲ့တယ်။ ကျွန်တော်တို့ အဲ့ဒီကျန်ခဲ့တာတွေ ကုန်အောင် ထုတ်ပါရစေလို့ တောင်းဆိုပေမယ့် ခွင့်မပြုဘူး။”ဟု ကျောက်တော်မြို့နယ် ကုန်သည်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ပိတ်မိနေသည့် ကုန်ပစ္စည်းများကို ကုန်သည့်အထိ ထုတ်ယူခွင့်ပေးရန် မြန်မာကုန်သည်များက တောင်းဆိုထားသော်လည်း လိုင်လူငယ်အဖွဲ့စည်းမှ ထုတ်ယူခွင့် မပေးကြောင့် ၎င်းက ဆိုသည်။

မြန်မာ-အိန္ဒိယနယ်စပ် ပလက်ဝ – လောက်တလိုင် ကုန်သွယ်ရေး လမ်းကြောင်းများကို မီဇိုရမ်ဘက်မှ နေ့စဥ် စောင့်ကြည့်မူများ၊ စစ်ဆေးမူများနှင့် အသွားလာ တင်းကြပ်မူများ ပြုလုပ်နေကြောင့် ပလက်ဝမြို့နယ် ဒေသခံများထံက သိရှိရသည်။

“ကားအဝင်အထွက်၊ လှေအဝင်အထွက်တော့ လုပ်လို့ရတယ်။ ဒါပေမယ် လောက်တလိုင်ဘက်က လိုင်လူငယ်တွေက လှေပေါ်၊ စက်လှေအပေါ် ဘာပစ္စည်းတွေ တင်သလဲဆိုတာ စစ်ဆေးတာတွေ လုပ်တယ်။ နယ်စပ်တလျောက် ကင်းစောင့်သလိုမျိုး ပုံစံနဲ့ အလှည့်ကျ စောင့်ကြည့်နေတယ်။”ဟု ပလက်ဝမြို့နယ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ကုန်သွယ်ရေး လမ်းကြောင်းသည် နှစ်နိုင်ငံ တရားဝင်ဖွင့်လှစ်ခြင်းမဟုတ်ဘဲ ဒေသခံများ အဆင်ပြေစေရန် နားလည်မူဖြင့် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ချင်းပြည်နယ်တွင် အာရက္ခတပ်တော်(AA)မှ ချင်းလက်နက်ကိုင်တပ်ဖွဲ့များ တိုက်ခိုက်ခြင်း၊ အင်အားကြီးထွားရန် ဆောင်ရွက်ခြင်းကြောင့် ပလက်ဝ – လောက်တလိုင် ကုန်သွယ်ရေးလမ်းကြောင်းကို ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့တွင် မီဇိုရမ်ပြည်နယ် လိုင်လူငယ်အဖွဲ့စည်းက ပိတ်သိမ်းလိုက်ခြင်းဖြစ်သည်။

#လောက်တလိုင်ခရိုင် #မြန်မာနိုင်ငံ #တင်ပို့မည့် #ကုန်ပစ္စည်း #ကားအစီးအရေ၁၀၀ကျော် #ပိတ်မိ #Ayeyarwaddy_Times