ဧရာဝတီတိုင်းမ်
ဇွန် ၂၈ ရက်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နံ့သာရွာရှိ စစ်ကောင်စီစခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ရရှိခဲ့ ကြောင်း သိရသည်။

ယနေ့ ဇွန် ၂၈ ရက် နံနက်ပိုင်းအချိန်တွင် အင်းတော်- ဗန်းမောက် ကားလမ်းပေါ်ရှိ စစ်ကောင်စီ၏ နံ့သာရွာအထိုင်စခန်းကို KIA နှင့်ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ရာနေရာသို့ လေကြောင်းပစ်ကူပေးခဲ့သည့်အပြင် မြေပြင်မှလည်း စစ်ကူပို့တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“လေကြောင်းရော မြေပြင်ကရော စစ်ကောင်စီဘက်က စစ်ကူပို့တိုက်ခိုက်နေတယ်။ လက်ရှိမှာတော့ အထိုင်စခန်းကို သိမ်းထားနိုင်တယ်။ စစ်ရေးအခြေ အနေအရ စခန်းကိုဆက်လက်ထိန်းထားနိုင်ဖို့ဆိုတာ တော့ ပြောလို့မရသေးဘူး။ အခုကတော့ ထိန်းချုပ်ထားတယ်”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက အင်းတော်မြို့ပေါ်ရှိ စစ်တပ်စခန်းများမှနေ၍ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးနေပြီး အင်းတော်နှင့် ဗန်းမောက်မြို့နယ်မှတဆင့် မြေပြင်စစ်ကူပို့လွှတ်နေသည့်အတွက် စစ်ကူလာရာ လမ်းကြောင်းတွင်လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေ ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၂၂ ရက်နေ့က စတင်ပြီး နံ့သာရွာစစ် စခန်းကို KIA နှင့်ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက အရပ်သားများကို ဓားစာခံ အဖြစ် စုဝေးခိုင်းထားသည့် နံ့သာရွာဘုန်းကြီး ကျောင်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အတွက် သံဃာတော်များအပါအဝင် ဒေသခံပြည်သူ ၁၇ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

#စစ်ကိုင်း #အင်းတော် #နံ့သာရွာ #စစ်ကောင်စီ #တပ်စခန်း #KIA# PDF #ပူးပေါင်း #သိမ်းပိုက်
#Ayeyarwaddy_Times