ဧရာဝတီတိုင်းမ်
(ဘန်ကောက်)၊ ဇွန် ၂၈ ရက်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ထိုင်း အလုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင်ရှာဖွေရေး ဦးစီးဌာနက ဦးစီးကျင်းပသည့် အလုပ်အကိုင်ပြပွဲ(Job Expo Thailand 2024) ကို ယနေ့ ဇွန် ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပ သွားမည်ဖြစ် ကြောင်း သိရသည်။

ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများမှ အလုပ်အကိုင် အခွင့်အလမ်း‌ပေါင်း ခုနှစ် သိန်း ကျော်ပါဝင်ပြီးအလုပ်အကိုင်ပြပွဲမှ အလုပ်ခေါ်ယူရာတွင် ထိုင်းနိုင်ငံသားများကို အဓိကထား ရည်ရွယ်သော်လည်း နိုင်ငံခြားသားများအနေဖြင့်လည်း အလုပ် လျှောက်လွှာများ တင်နိုင်ပြီး မြန်မာနိုင်ငံသား အများအပြားလည်း လာရောက်ကြကြောင်း သိရသည်။

“လူငယ်တွေလာတာ တော်တော်များတယ်။ မြန်မာလူငယ်တွေ အလုပ် လာလျှောက်ကြတာလည်းများတယ်။ အဓိက အလုပ် ခေါ်တာ ထိုင်းကုမ္ပဏီ တွေများတယ်။ နိုင်ငံသားတော့မသတ်မှတ်ထားပေမဲ့ ထိုင်းလိုပဲပြောကြတာ၊ ထိုင်းလိုအလုပ်ခေါ်စာရေးထားတာ များတယ်။ နိုင်ငံတကာ ကုမ္ပဏီတွေဆိုရင်တော့ အဆင်ပြေမယ်ထင်တယ်” ဟု မြန်မာလူငယ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ Job Expo Thailand 2024 အလုပ်အကိုင်ပြပွဲတွင် အဓိကအားဖြင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ စား သောက်ကုန်လုပ်ငန်း၊ ပို့ဆောင်ဆက်သွယ် ရေး၊ နည်းပညာ(Technology Company)၊ Accounting စသည့် လုပ်ငန်းများအတွက်အလုပ်အကိုင် နေရာပေါင်း ခုနှစ်သိန်းကျော် ကို ခေါ်ယူခြင်းဖြစ်ကြောင်း လည်း သိရသည်။

အလုပ်ခေါ်ရာတွင် အချိန်ပြည့်အလုပ်၊ အချိန်ပိုင်းအလုပ်၊ Freelance စသည့် အလုပ်အကိုင် မျိုးစုံပါဝင်ပြီး ဂျပန်၊ ကိုရီးယား စသည့်နိုင်ငံများတွင် ပညာသင်ယူချင်သူများအတွက်လည်း အကြံပေးဆွေးနွေးခြင်းများ ပြုလုပ် ပေးသည့် အစီအစဉ်များလဲ ပါဝင် ကြောင်း သိရသည်။

ဓာတ်ပုံ – ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဧရာဝတီတိုင်းမ်
#ဘန်ကောက် #အလုပ်အကိုင်ပြပွဲ #company #JobExpoThailand #Ayeyarwaddy_Times