
ဧရာဝတီတိုင်းမ်
ဇွန် ၂၈ ရက်
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာတွင် အိမ်ခြံမြေရောင်းချခွင့် အတွက်အရောင်းအဝယ်စာချုပ်ပြုလုပ် ရာတွင် အိမ်ခြံမြေတန်ဖိုး၏ရာခိုင်နှုန်းအလိုက် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များမှ ငွေကျပ်သိန်းဆယ်ချီ တောင်းယူနေကြောင်းဒေသခံများထံကသိရသည်။
ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာ၌ ပြီးခဲ့သည့် ဇွန်လပထမအပတ်ကစပြီး အိမ်ခြံမြေရောင်းချမှုပြုလုပ်ရာတွင်ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သောဦးမောင်ငြိမ်းနှင့် ရာအိမ်မှူးသန်းထွန်းအေးဆိုသူတို့ကိုအိမ်ခြံရောင်းချခွင့်စာချုပ်အတွက်အိမ်ခြံတန်ဖိုး၏ ရာခိုင်နှုန်းအလိုက်ငွေကျပ် သိန်း ၅၀ ထက်မနည်းတောင်းယူနေကြောင်း ဒေသခံကျေးရွာသားများကပြောဆိုသည်။
“ရွာမှာအိမ်တွေခြံတွေရောင်းဖို့လုပ်ရင် အရင် ရှေ့နေခေါ် အရပ်စာချုပ်လုပ်ပြီးရင်ရပြီ။ အခုက အုပ်ကြီးကိုကော ရာအိမ်မှုးကိုပါငွေပေးနေရတယ်။ ဘယ်လိုတောင်းလဲဆိုတော့ ပွဲစားခသဘောမျိုးတောင်းတာ။မပေးရင်လည်းအသိသက်သေလက်မှတ်မထိုးပေးဘူးလုပ်တယ်။ ငွေတောင်းတဲ့အထဲမှာ အုပ်ကြီးကိုမောင်ငြိမ်းကအဆိုးဆုံးပဲ။ သူ့ကို ဥပမာသိန်း ၅၀၀ တန်တဲ့ခြံဆိုရင် ၁၀ ရာခိုင်နှုန်းသဘောပေးရတယ်။ ရာအိမ်မှူး သန်းထွန်းအေးကျတော့ အသိလက်မှတ်ထိုးခ ဆိုပြီးတော့ သိန်း ၂၀ သိန်း၃၀ လောက်တောင်းတာပေါ့။ တောင်းတာကတော့အတူတူပဲ။ မပေးရင်လည်းဟိုတိုင်မယ်သည်တိုင်မယ်ငွေညစ်ခံရတဲ့သူတွေဆိုမနည်းဘူး”ဟု ဆားမလောက်ကျေးရွာဒေသခံတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင်ကျေးရွာအတွင်းရှိ ဒေသခံလူငယ် အချို့စစ်မှုထမ်းအပတ်စဉ်အလိုက်တက် ရောက်ရန် ရွေးချယ်ခံရမှုအပေါ်ရှောင်တိမ်းလိုသောသူများထံအုပ်ချုပ်ရေးမှူးဖြစ်သူနှင့်ရာအိမ်မှူးတို့မှ ငွေကြေးတောင်းခံရမှုအတွက်ဒေသခံများမှအိမ်ခြံမြေပေါင်နှံရောင်းချမှုများပြုလုပ်နေရပြီး ရောင်းချသည့် ငွေရာခိုင်နှုန်းအလိုက် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှတောင်းယူနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့်
ဒေသခံများထံကသိရသည်။
“စစ်မှုထမ်းမှာပါလို့ဆိုပြီးတော့ ဒီအုပ်ကြီးနဲ့ရာအိမ်မှူးက မပါချင်ရင်ငွေပေးပေါ့။ တချို့ရှောင်ချင်တဲ့သူတွေကငွေပေးနေရတာပါပဲ။ တောင်းတဲ့ငွေကလည်းများတယ်။ တစ်ယာက်ကိုသိန်း၃၀ ကနေသိန်း၅၀ လောက်ရှိတာ။ အဲ့လောက်ကြီးကမတတ်နိုင်တော့ဘူးလေ။ အိမ်ပေါင်ခြံပေါင်ပြီးပေးရတာတို့ရောင်းပြီးပေးရတာတို့ပါလုပ်ရကော။ အိမ်ခြံပေါင်ပြီးရောင်းပြီဆိုရင်လည်းအုပ်ကြီးမောင်ငြိမ်းနဲ့နဲ့ရာအိမ်မှူးသန်းထွန်းအေးကရာခိုင်နှုန်းထပ်တောင်းသေးတယ်။ စစ်မှုထမ်းရှောင်ဖို့လည်းရ၊ အိမ်ခြံမြေပေါင်ရောင်းတာကလည်းယူပြီး နှစ်သီးစားလုပ်နေကြတာ”ဟု ကိုယ်တိုင်ကြုံတွေခဲ့ရသည့်ကျေးရွာဒေသခံတစ်ဦးကဆိုသည်။
ညောင်တုန်းမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လဒုတိယအပတ်အတွင်းကလည်း မြို့တွင်းရှိရပ်ကွက်နေရာများအလိုက်နေအိမ်ခြံမြေများရောင်းချရာတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ နေအိမ်ခြံတန်ဖိုးရာခိုင်နှုန်းအလိုက် မြို့နယ်စစ်ကောင်စီရန်ပုံငွေအဖြစ်ငွေကြေးသိန်းဆယ်ချီတောင်းယူမှုများရှိနေကြောင်းမြို့ခံများထံကသိရသည်။
#ဆားမလောက် #အိမ်ခြံမြေရောင်းချခွင့် #ရပ်ကျေးအုပ်ချုပ်အုပ်ချုပ်ရေး #အိမ်ခြံမြေတန်ဖိုးရာခိုင်နှုန်းအလိုက် #ငွေတောင်းယူနေ #Ayeyarwaddy_Times