
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၂၈ ရက်
အိန္ဒိယအနေဖြင့် စစ်ကောင်စီနှင့် တွေ့ဆုံဆက်ဆံ၍ နယ်စပ်ဒေသ ကိစ္စရပ်များအပါအဝင် ဆွေးနွေးနေမှုနှင့် ဆက်လက် ထောက်ပံ့နေခြင်းသည် မြန်မာနိုင်ငံအပေါ် တကယ့်ကို လွဲမှားသော တွက်ချက်မှုဖြစ်ပြီး ၎င်းအကျိုးစီးပွားကို ပိုမိုထိခိုက်လာနိုင်ချေရှိကြောင်း လေ့လာသူများက ထောက်ပြသုံးသပ်သည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ပိုမိုထိတွေ့ဆက်ဆံ၊ ပံ့ပိုးကူညီနေသော အိန္ဒိယအစိုးရသည် ရှမ်းမြောက်၊ ကချင်၊ ရခိုင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်လာချိန်တွင် ယခုလအတွင်း ဒုစစ်ခေါင်းဆောင်အပါအဝင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီး၊ ရင်းနှီးမြှုပ်နှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးတို့ဖြင့် လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
“အဓိကတော့ တရုတ်ကို အားပြိုင်နေတဲ့ အနေထားတစ်ခုလို့ ကျွန်တော်တို့ ဆိုရမှာ။ အဲ့ဒါထက် ပိုဆိုးတာက အိန္ဒိယဟာ အိမ်နီးချင်း နိုင်ငံတွေအပေါ်မှာ သူတို့ဩဇာ သက်ရောက်မှု ရှိလာအောင်ပဲဖြစ်ဖြစ်၊ သူနိုင်ငံရဲ့ အကျိုးစီးပွါးအတွက် ချဉ်းကပ်တာပဲဖြစ်ဖြစ် တိကျခိုင်မာတဲ့ မူဝါဒမရှိသေးတာကို ပြသတယ်လိုတော့ ယူဆလို့ရမယ်” ဟု India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E .Mr. Abhay Thakur သည် ပြီးခဲ့သည့် ဇွန် ၁၇ ရက်က နေပြည်တော်သို့ လာရောက်၍ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တွေ့ဆုံကာ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
“တခုက အရှေ့မျှော် (Look east) မူဝါဒ ချမှတ်ပြီး အရှေ့ဖက်နိုင်ငံတွေနဲ့ ဆက်ဆံနေတာရယ်၊ တခုခုဆိုရင် သူက တရုတ်ကို ပြိုင်ဖက်လို သဘောထား နေတာကြောင့်ပါ။ သူ့ဩဇာ ဆက်ထိန်းထားနိုင်ဖို့ ခပ်သေးသေး ပရောဂျက်တွေ ကူညီတာနဲ့ တခါမှာ K8 အမောင်းသင် တိုက်လေယာဉ်တွေ ကူညီခဲ့တာတောင် ရှိပါတယ်။ ဒါပေမယ့် နယ်စပ်ကိစ္စက သူ့လုံခြုံရေး ရှုထောင့်ကနေ ပိုဆုံးဖြတ်ပုံရပါတယ်” ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးသည် ဇွန် ၂၄ ရက်ကလည်း စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ရေးအပါအဝင် စသည်တို့ကို ဆွေးနွေးခဲ့သလို ထိုနေ့၌ပင် ဆောက်လုပ်ရေးဝန်ကြီး၊ ရင်းနှီးမြှုပ်နှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
“အိန္ဒိယအနေနဲ့ ရပ်တည်ချက်ကို ဒီအတိုင်းသာ ဆက်သွားနေမယ် ဆိုရင်တော့ တစ်နေ့ကျရင် အိန္ဒိယက သူ့အိမ်နီးချင်း နိုင်ငံတွေက အကုန်ထားခဲ့ခြင်းကို ခံရလိမ့်မယ်လို့တော့ ကျွန်တော်ယူဆတယ်။ အခုချိန်မှာ အိန္ဒိယဟာ သူအိမ်နီးချင်း နိုင်ငံတွေအပေါ်မှာ ဘယ်တော့မှ စေတနာမှန်မှန်နဲ့ အလုပ်လုပ်တာမျိုး မရှိဘူးလို့ အကြမ်းဖျင်း ဆိုရမယ်” ဟု ဆလိုင်းဒိုခါရ်က ဆိုသည်။
စစ်ကောင်စီ၏ ဆောက်လုပ်ရေးဝန်ကြီး ဦးမျိုးသန့်၊ ရင်းနှီးမြှုပ်နှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်တို့နှင့် အိန္ဒိယသံအမတ်ကြီးတို့ တွေ့ဆုံစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေသော လမ်းပန်းဆက်သွယ်ရေး၊ နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ ပို့ကုန်သွင်းကုန်ဆိုင်ရာ ကိစ္စရပ်များအပြင် စသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
“တခုရှိတာက အိန္ဒိယက သူလုပ်ချင်တဲ့ ကုလားတန် Multimodal ဖွံ့ဖြိုးရေးစီမံချက် (စစ်တွေ) မအောင်မြင်သေးဘူး ဆိုရမယ်။ တမူးနယ်စပ်ကနေ မဲဆောက်အထိ ဟိုက်ဝေးကလည်း မအောင်မြင်သေးဘူး ဆိုရပါမယ်။ တရုတ်ကတော့ ငွေသုံးနိုင်တယ်။
ကမ္ဘာလုံးဆိုင်ရာ စီမံချက်တွေရှိတယ်။ အိန္ဒိယက တွန့်တိုတယ်။ မြန်မာပြည်မှာ ပေးတာလည်း စီမံချက် အသေးလေးတွေပဲရှိတယ်” ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် အိန္ဒိယအစိုးရအနေဖြင့် စစ်ဘက်သုံးပစ္စည်းများ ရောင်းချမှုအပြင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များကိုလည်း အိန္ဒိယကာကွယ်ရေးဆိုင်ရာ အခမ်းအနားများနှင့် စစ်ဘက်လေ့ကျင့်ရေး သင်တန်းများ တက်ရောက်နိုင်ရန် ကူညီပံ့ပိုးနေပြီး စစ်ကောင်စီကို လက်နက်တင်ပို့ ရောင်းချရာ၌ ရုရှား၊ တရုတ်ပြီးလျှင် အိန္ဒိယသည် တတိယနေရာတွင် ရှိနေကြောင်း Justice for Myanmar (JMF) က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – စစ်ကောင်စီ
ပုံစာ – မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ဇွန် ၁၇ ရက်က ဒုစစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ်
#အိန္ဒိယ #တိကျခိုင်မာ #မူဝါဒမရှိပဲ #စစ်ကောင်စီ #တရုတ် #အားပြိုင်လို၍ #ချဉ်းကပ်နေ
#Ayeyarwaddy_Times