
ဧရာဝတီတိုင်းမ်
ဇွန် ၂၈ ရက်
ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် မြို့တွင်းရှိ ရပ်ကွက်နှင့် တည်းခိုခန်းများတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဒေသခံစစ်ဘေးရှောင်များအပြင် အာရက္ခတပ်တော် (AA) နေသည်ဟုဆိုကာ စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇွန် ၂၅ ရက်နေ့ကစတင်၍ နေ့ရောညပါ ဧည့်စာရင်းစစ်ဆေးမှုပိုမိုပြုလုပ်လာကြောင်း ဒေသခံများထံက သိရသည်။
ကြံခင်းမြို့ပေါ်ရှိရပ်ကွက်နေရာအနှံ့နှင့် မြို့တွင်းတည်းခိုခန်းနေရာများတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းမှစစ်ဘေးရှောင်ဒေသခံများနှင့် AA တို့လာရောက်ခိုလှုံနေသည်ဟု အကြောင်းပြကာ မြို့နယ်လဝက၊စစ်ကောင်စီတပ်၊ ရဲ၊ ပြည်သူ့စစ်(ပျူစောထီး)နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် နေ့ရောညပါ ဧည့်စာရင်းစစ်ဆေးမှုတင်းကျပ် လာကြောင်း မြို့ခံများထံက သိရသည်။
“မြို့ထဲမှာ အခုတစ်လော ဧည့်စာရင်းပိုစစ်လာတယ်။ မနက်ပိုင်းပါစစ်လာတာ။ ဧည့်စာရင်း လာစစ်ရင် လဝကတွေကောပါတယ်။ အဖွဲ့စုံစစ်တယ်။ မြို့ထဲကို ရခိုင်သံတွဲက သူတွေ စစ်လာရှောင်လို့စစ်ဆေးရေ တင်းကျပ်နေတာလို့ကြားတယ်” ဟု ကြံခင်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် မြို့တွင်း လမ်းမလမ်းဆုံနေရာများနှင့် မြို့အထွက် အောင်မြင်ကိုင်း ကျေးရွာနှင့် အစုကြီးကျေးရွာကြားရှိ ဖားတရှဉ်း တံတားနေရာတို့တွင်လည်း မြို့အတွင်းသို့ သွားလာနေသည့် ကုန်တင်ယာဉ်၊ ခရီးသည်ယာဉ်များနှင့် အိမ်စီးကားများကို ယာဉ်မောင်းလိုင်စင်အပြင် စီးနင်းလိုက်ပါလာသူများ၏ မှတ်ပုံတင်များကို တင်းကျပ်စွာ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဒေသခံများထံက သိရသည်။
“ မြို့ထဲကလမ်းဆုံနေရာတွေမှာ စစ်တပ်တွေရဲတွေအရမ်းစစ်တယ်။ ဖုန်းတွေထုတ်ပြ ရတယ်။ မှတ်ပုံတင်တောင်းစစ်တယ်။ AA တွေဝင်လာနေလို့တဲ့။ နောက်ပြီး ဖားတရှဉ်းတံတားမှာလည်း စစ်တယ်။ ကုန်ကားတွေ ခရီးသည် ဘတ်စ်ကားတွေကို သိပ်မစစ်ဘူး။ အိမ်စီးကားတွေကိုအဓိကစစ်နေတာ။ မှတ်ပုံတင်တောင်းကြည့်တယ်။ ကားထဲမှာပါလာတဲ့သူတွေဆို အကုန်ဆင်းခိုင်းပြီးစစ်ဆေးနေတာတွေ့ခဲ့ရတယ်”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အောင်မြင်ကိုင်းကျေးရွာဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ် ကို ပြောသည်။
ထို့ပြင် ကြံခင်းမြို့နယ်ရှိ နေအိမ်အခန်းအငှားလုပ်ဆောင်သူများနှင့် တည်းခိုခန်း ပိုင်ရှင်များကို ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်က စတင်၍ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ စစ်ဘေးရှောင်ဒေသခံများနှင့် AA တို့ဝင်ရောက်နိုင်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များမှတစ်ဆင့် အကြောင်းကြားမှုများပြုလုပ်ရန် မြို့နယ်စစ်ကောင်စီက ညွှန်ကြားထားကြောင်းသိရသည်။
#ကြံခင်းမြို့ #ရခိုင်စစ်ဘေးရှောင်များ #AA #လာရောက်ခိုလှုံ #စစ်ကောင်စီတပ် #ဧည့်စာရင်းစစ်ဆေး #Ayeyarwaddy_Times