
ဧရာဝတီတိုင်းမ်
ဇွန် ၂၇ ရက်
မြန်မာနှင့်တရုတ်နှစ်နိုင်ငံ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှုမပြုရန်အချက်ပါဝင်သော ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နေရေးမူကြီး ငါး ချက် လက်မှတ်ရေးထိုးသည့် နှစ် ၇၀ ပြည့်အခမ်းအနား တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ကျင်းပမည်ဖြစ်ပြီး သမ္မတဟောင်း ဦးသိန်းစိန်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနား တက်ရောက်ရန်အတွက် ယနေ့ ဇွန် ၂၇ ရက်နေ့တွင် သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ( MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ- တရုတ်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ ဝန်ကြီးချုပ် ဟောင်းဦးနုသမီး ဒေါ်သန်းသန်းနုတို့သည် နေပြည်တော်လေဆိပ်မှ ထွက်ခွာ သွားကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကထုတ်ပြန်သည်။
ယမန်နေ့ ဇွန် ၂၆ ရက်နေ့က ရန်ကုန်မြို့တွင် မြန်မာ – တရုတ် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါး ချက် နှစ် ၇၀ ပြည့်အထိမ်းအမှတ်ပွဲ ပြုလုပ်ခဲ့ပြီး ယင်းအချက်များသည် နိုင်ငံတကာဥပဒေအခြေခံမူများဖြစ်လာကြောင်း၊ တရုတ်သည် မြန်မာနိုင်ငံပြည်သူဘက်မှ ရပ်တည်နေပြီး စီးပွားရေးနှင့် ပြည်သူ့ အကျိုးပြုကိစ္စရပ်များ ဆက်ဆက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mrs. Qiao က ပြောကြားခဲ့သည်။
အဆိုပါမူ ငါး ချက်တွင် နိုင်ငံတစ်နိုင်ငံ၏ ပိုင်နက်နယ်ပယ် တည်တံ့ရေးနှင့် အချုပ် အခြာအာဏာကို အခြားတစ်နိုင်ငံက လေးစားရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျူးကျော်ရန် စတိုက်ခိုက်မှုမပြုလုပ်ရန် တို့ပါဝင်သည်။
ထို့ပြင် နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်မှု မပြုလုပ်ရန်၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံအဆင့်အတန်းချင်း တူညီမှုရှိရန်နှင့် နှစ်ဦးနှစ်ဖက်အကျိုး ဖြစ်ထွန်းစေရန်၊ နိုင်ငံရေးစနစ်ချင်း ကွဲလွဲစေကာမူ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ ဆက်ဆံပေါင်းသင်းနေထိုင်ကြရန်တို့ပါဝင်သည်။
၁၉၅၄ ခုနှစ်တွင် မြန်မာနိုင်ငံဝန်ကြီးချုပ် ဦးနုနှင့် မြန်မာနိုင်ငံသို့အလည်အပတ် ရောက်ရှိနေသော တရုတ်ပြည့်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် ချူအင်လိုင်းတို့တွေ့ဆုံရာတွင် ယင်းသဘောတူညီချက်ရရှိကာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – တရုတ်သံရုံး ၊ ပေါက်ဖော်
#မြန်မာတရုတ် #ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး #မူ၅ချက်နှစ်၇၀ပြည့် #သမ္မတဟောင်းဦးသိန်းစိန် #Ayeyarwaddy_Times