
ဧရာဝတီတိုင်းမ်
ဇွန် ၂၆ ရက်
မြန်မာနိုင်ငံတွင်ရှိ လက်နက်ကိုင်ပဋိပက္ခဒေသအများအတွင်း ကလေးသူများအခွင့် အရေးချိုးဖောက်ခံနေရကြောင်း ကုလသမဂ္ဂအစီရင်ခံစာကို စစ်ကောင်စီက အခြေ အမြစ်မရှိဟုဆိုကာ ယမန်နေ့ ဇွန် ၂၅ ရက်နေ့က ငြင်းဆိုခဲ့သည်။
၂၀၂၃ ခုနှစ် ဇွန်လဒုတိယပတ်က ထုတ်ပြန်သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာတွင် အခွင့်အရေး အမျိုးမျိုး ချိုးဖောက်ခံနေရသည့် ကလေးသူငယ် ၂၀၉၃ ရှိပြီး ယောကျ်ားလေး ၁၆၉၄ ဦး ၊ မိန်းကလေး ၃၈၅ ဦး နှင့် လိင်ခွဲခြားမရသူ ၁၄ ဦးပါဝင်ကြောင်း ဆိုထားသည်။
အဆိုပါကလေးသူငယ်များသည် စာသင်ကျောင်းများတိုက်ခိုက်ခံရခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်း၊ မိသားစုများကွဲကွာနေခြင်း၊ အမြတ်ထုတ်ခံရခြင်း၊ လုံခြုံမှုမရှိသည့် နေရာများသို့ ရွှေ့ပြောင်းနေထိုင်ရခြင်း၊ ပဋိပက္ခနေရာများတွင် ထိခိုက်လွယ်ခြင်း အပါအဝင် စစ်သားအဖြစ် အဓမ္မစုဆောင်းခံရခြင်းတို့ ပြုလုပ်ခံနေရကြောင်းပါဝင်သည်။
အဆိုပါအချက်များထဲမှ စစ်သားအဖြစ်အတင်းအဓမ္မစုဆောင်းခံရသူများ ကလေးသူငယ် အရေအတွက် ၁၁၇၁ ဦးရှိပြီး ယောကျ်ားလေး ၁၁၂၃ ဦး၊ မိန်းကလေး ၄၂ ဦး နှင့် လိင်ခွဲခြားမရသူ ၆ ဦးပါဝင်ကြောင်းသိရသည်။
ကလေးသူငယ်များကို စစ်သားအဖြစ် အဓမ္မစုဆောင်းသူများတွင် စစ်တပ်နှင့် ပျူစောထီး တို့ပါဝင်ပြီးတိုင်းရင်းသား တော်လှန်ရေးအဖွဲ့များလည်း ပါဝင်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင် ခံစာတွင်ဖော်ပြထားသည်။
စစ်ကောင်စီက ကုလသမဂ္ဂ အစီရင်ခံစာပါအချက်အလက်များသည် အခြေအမြစ်မရှိဘဲ တစ်ဖက်သတ်စွပ်စွဲချက်ဖြစ်ပြီး မမှန်ကန်သည့်ကိန်းဂဏန်းများပါဝင်ကြောင်း၊ အစီရင်ခံ စာမထုတ်ပြန်မီကြိုတင်ပေးသော်လည်း ယင်းအချက်များအစီရင်ခံစာတွင် ပါဝင်ခြင်း မရှိကြောင်း တုံ့ပြန်ထားသည်။
မြန်မာနိုင်ငံအနေဖြင့် အစီရင်ခံစာတွင် ပါဝင်သည့် အခြေအမြစ်မရှိသော စွပ်စွဲချက် များကို ကန့်ကွက်ပယ်ချပြီး၊ အပြုသဘောဆောင်သောချဉ်းကပ်မှုဖြင့် မျှတမှုရှိပြီး ယုံကြည်လက်ခံနိုင်သော အစီရင်ခံစာများကို ထုတ်ပြန်ရန် ကုလသမဂ္ဂအား တောင်းဆိုကြောင်း စစ်ကောင်စီ၏ တုံ့ပြန်ချက်တွင် ပါဝင်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ကလေးသူငယ်များလက်နက်ကိုင်ပဋိပက္ခ #အစီရင်ခံစာ #ကလေးသူငယ်အခွင့်အရေး #ကုလသမဂ္ဂထုတ်ပြန် #အခြေအမြစ်မရှိ #စစ်ကောင်စီတုံ့ပြန် #Ayeyarwaddy_Times