နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၂၆ ရက်

စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ခြင်းသည် အမျိုး၊ ဘာသာ၊ သာသနာကို လက်တွေ့စောင့်ရှောက်ရာကျပြီး ကံဆောင်တော်မူကြသည့် မည်သည့် သံဃာ့အဖွဲ့အစည်းများနှင့်မဆို တသားတည်းအပြည့်အဝ သဘောတူကြောင်း သံဃသမဂ္ဂ(မန္တလေး)က ထုတ်ပြန်ပြောဆိုသည်။

နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ဝင် (ငြိမ်း) ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပစ်ခတ်သတ်ဖြတ်မှုအပေါ် ချောင်းဦး၊ ဒီပဲယင်း၊ တန့်ဆည်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ သံဃာတော်များက ပတ္တနိက္ကုဇ္ဇန-ကံဆောင် သပိတ်မှောက်လိုက်ကြောင်း သိရသည်။

“ဒီသပိတ်ကံဆောင်နိုင်ခြင်းဟာ လက်တွေ့ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက် ရာကျသလို ဦးဇင်းတို့ နွေဦးတော်လှန်ရေးအတွက် အကြီးအမားဆုံးသော အထောက် အကူ ဖြစ်လာလိမ့်မယ်လို့ ဦးဇင်းတို့အနေနဲ့ အပြည့်အဝ ယုံကြည်ထားပါတယ်” ဟု သံဃသမဂ္ဂ(မန္တလေး)မှ ဆရာတော် ဓမ္မမေတ္တာက ဧရာဝတီတိုင်းမ်ကို မိန့်ကြားသည်။

အလားတူ ပတ္တနိက္ကုဇ္ဇန-ကံဆောင် သပိတ်မှောက်ခြင်းနှင့် စပ်လျဉ်း၍ သံဃသမဂ္ဂ (မန္တလေး)ကလည်း ကံဆောင်တော်မူကြသည့် မည်သည့်သံဃာ့ အဖွဲ့အစည်းများနှင့်မဆို တသားတည်း အပြည့်အဝ သဘောတူကြောင်း ယမန်နေ့ ဇွန် ၂၅ ရက်တွင် သဘောထား ထုတ်ပြန်ခဲ့သည်။

“ဦးဇင်းတို့ သံဃသမဂ္ဂ- မန္တလေးအဖွဲ့တွေ အနေနဲ့ သံဃာတော်အရှင်အမြတ်များကို လျှောက်ထားလိုသည်မှာက စစ်မိစ္ဆာတွေရဲ့ ပေးလာမယ့် အန္တရာယ်တွေကို အထူး ဂရုစိုက်ဖို့ နံပါတ် (၁) အနေနဲ့ လျှောက်ထားလိုပါတယ်။ နံပါတ် (၂) ကံဆောင်သပိတ်ပွဲကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရတဲ့ နေရာတိုင်း သပိတ်မှောက်ကံဆောင်ပေးတော်မူကြဖို့ လျှောက်ထားလိုပါတယ်” ဟု ဆရာတော် ဓမ္မမေတ္တာက မိန့်သည်။

ထို့အပြင် စစ်ကောင်စီနှင့် အနီးကပ်ဆုံး ဒေသများတွင် သီတင်းသုံး နေထိုင်မူကြသည့် ဆရာတော်၊ သံဃာတော်များအနေဖြင့် သပိတ်မှောက် ကံဆောင်တော်မူကြသော ဆရာတော်၊ သံဃာတော်များနှင့်အတူ သဘောဆန္ဒတူတော်မူကြရန် လျှောက်ထားလိုပြီး ထိုသို့ဆိုလျှင် ကံဆောင်သပိတ်မှောက်ခြင်းမြောက်ကြောင်း ဆရာတော် ဓမ္မမေတ္တာက ဆက်လက်မိန့်ဆိုသည်။

ပတ္တနိက္ကုဇ္ဇန-ကံဆောင်ခြင်းဆိုသည်မှာ သံဃာတော်အရှင်မြတ်တို့အား ပစ္စည်းလေးပါး မရအောင် လုံ့လပြုခြင်း၊ ဘေးအန္တရာယ်ဖြစ်စေရန် လုံ့လပြုခြင်း၊ နေထိုင်သီတင်းသုံးရာ ကျောင်းများတွင် နေ၍မရအောင် လုံ့လပြုခြင်း၊ ရုန်းရင်းကြမ်းထန်းစွာဆဲရေး တိုင်းထွားခြင်း၊ တစ်ပါးနှင့်တစ်ပါး စိတ်ဝမ်းကွဲစေအောင် လုံ့လပြုခြင်း တို့ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ဗုဒ္ဓမြတ်စွာ ဘုရား၏ ကျေးဇူးတော်ကို ကဲ့ရဲ့ပြစ်တင် ပြောဆိုခြင်း၊ တရားတော်မြတ်၏ ကျေးဇူးတော်ကို ကဲ့ရဲ့ပြစ်တင်ပြောဆိုခြင်း၊ သံဃာတော် အရှင်မြတ်တို့၏ ကျေးဇူးတော်ကို ကဲ့ရဲ့ပြစ်တင်ပြောဆိုခြင်း အဆိုပါအင်္ဂါ ရှစ်ပါးအနက် တစ်ပါးပါးဖြင့် ပြည့်စုံစွာ လုံ့လအားထုတ် ပြုလုပ်ခဲ့လျှင် ပတ္တနိက္ကုဇ္ဇန-ကံဆောင် သပိတ်မှောက်၍ရကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ရဟန်းသံဃာတော်များအား အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ မစိုးရိမ်တိုက်သစ်/တိုက်ဟောင်း၊ ဝိသုဒ္ဓါရုံတိုက်သစ်၊ မြတောင်တိုက် စသော ရဟန်းသံဃာ အများစုနေထိုင်သော ကျောင်းတိုက်များကို သူပုန်စခန်းပမာ သေနတ်ပစ်ဖောက် ဝင်ရောက်စီးနင်းခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ရဟန်းသံဃာငယ်များကြား သံဃာသင်းကွဲအောင် ဝါဒမှိုင်းတိုက်ခြင်း တို့ကိုလည်း ပြုလုပ်နေသဖြင့် စစ်ခေါင်းဆောင်နှင့် စစ်ကောင်စီသည် ပတ္တနိက္ကုဇ္ဇန-ကံဆောင် သပိတ်မှောက်ခြင်း အင်္ဂါ ရှစ်ချက်လုံးနှင့် ညီနေကြောင်း သံဃသမဂ္ဂ (မန္တလေး)က ထုတ်ပြန်ပြောဆိုသည်။

ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များက ပတ္တနိက္ကုဇ္ဇန-ကံဆောင်ခြင်းကို ၁၉၉၀ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်တွင် တစ်ကြိမ်၊ အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက် တော်လှန်ရေးနေ့ (သို့မဟုတ်) တပ်မတော်နေ့တွင် တစ်ကြိမ်နှင့် ယခုအကြိမ်နှင့် ဆိုလျှင် စုစုပေါင်း လေးကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – သံဃသမဂ္ဂ(မန္တလေး)၊ လူမှုကွန်ရက်
ပုံစာ-၂၀၂၄ ဇွန် ၂၅ ရက်နေ့က ဆားလင်းကြီးတွင် ပတ္တနိက္ကုဇ္ဇန ကံဆောင်ခဲ့သော သံဃာတော်များနှင့် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် ပတ္တနိက္ကုဇ္ဇန ကံဆောင် ခဲ့သော သံဃာတော်များ
#စစ်ကောင်စီ #ပတ္တနိက္ကုဇ္ဇန #ကံဆောင်သပိတ်မှောက် #အမျိုးဘာသာသာသနာ #လက်တွေ့စောင့်ရှောက် #သံဃသမဂ္ဂမန္တလေး #Ayeyarwaddy_Times