
ဧရာဝတီတိုင်းမ်
ဇွန် ၂၆ ရက်
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ မြို့မရဲစခန်းကို သိမ်းဆည်းကာ စခန်းမှူးကိုအရှင် ဖမ်းဆီးရမိခဲ့ပြီး အမှတ် (၃၅၂) အမြောက်တပ်ကိုပါ တအာင်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် (TNLA) က သိမ်းပိုက် ထားကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်တပ်နှင့် TNLA တို့သည် ယနေ့ ဇွန်လ ၂၆ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြို့မရဲစခန်းကို သိမ်းဆည်းကာ စခန်းမှူးကို အရှင်ဖမ်းဆီးရမိခဲ့ပြီးနောက် ကျောက်မဲမြို့အဝင်ရှိ စစ်ကောင်စီ၏ အမြောက်တပ်ကိုပါ TNLA က သိမ်းပိုက်ထားနိုင်ခဲ့ကြောင်း ကျောက်မဲမြို့ခံများထံက သိရသည်။
“လက်ရှိအချိန်ထိတော့ ပစ်ခတ်နေကြတုန်းပဲ၊ ဖမ်းမိတာနဲ့ အမြောက်တပ်ကို သိမ်းတာက ခုမနက်ပဲ။ မြို့ခံတွေတော့ မနက် ၁၀ နာရီအထိစျေးဝယ်ထွက်လို့ရတယ်။ အဲဒီနောက်ပိုင်း မြို့ထဲလူရှင်းနေတယ်။ ဘယ်သူမှ မထွက်ကြဘူး။ စစ်တပ်ကလဲ လေယာဥ်နဲ့မကြာခဏ လာလာပစ်တယ်” ဟု TNLA နှင့်နီးစပ်သည့် ကျောက်မဲမြို့ရှိ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီ၏ မြို့မရဲစခန်းကို သိမ်းဆည်းပြီး စခန်းမှူးအရှင်ဖမ်းဆီးရမိသည့် အခြေ အနေနှင့် စစ်ကောင်စီ၏အမြောက်တပ်ကို TNLA က သိမ်းပိုက်ထားသည်ဆိုခြင်းကို ကျောက်မဲမြို့ခံများထံက သိရှိရခြင်းဖြစ်ပြီး ဧရာဝတီတိုင်းမ်အနေဖြင့် သီးခြားအတည် ပြုနိုင်ခြင်း မရှိသေးပေ။
စစ်ကောင်စီတပ်နှင့် TNLA တို့သည် ယနေ့ ဇွန်လ ၂၆ ရက်နေ့ နံနက် ၅ နာရီ ၄၇ မိနစ်တွင်စတင်၍ ကျောက်မဲမြိုရှိ စစ်ကောင်စီ အမြောက်တပ်ကုန်း အမှတ် (၃၅၂) အမြောက် တပ်ရင်းနှင့် စခန်းသာတို့တွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း TNLA ၏ သတငးနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
လက်ရှိတွင်လည်း ဇွန်လ ၂၆ ရက် ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးခြေထောက်နှစ်ပိုင်း ကျိုးသွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇွန်လ ၂၅ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ လေယာဥ်ဖြင့်ဗုံးကြဲ တိုက်ခိုက် မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ငြိမ်းချမ်းရေးကုန်း အောင်မြေသာယာ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းအပါအဝင် ကျောက်မဲ ဗဟိုစျေးနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း မြို့ခံများကဆိုသည်။
ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို TNLA နှင့် ပူးပေါင်းတပ်များ ယမန်နေ့ ဇွန်လ ၂၅ ရက် နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်စွဲထားသည့် မိုး/ဇလရုံး၊ မီးသတ်စခန်း၊ ရဲစခန်းနှင့် ပြည်သူ့ဆေးရုံတို့ရှိ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက်ပြီး ဌာနဆိုင်ရာရုံးအချို့ကိုပါ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ပုံစာ- စစ်ကောင်စီက ဇွန် ၂၅ နှင့် ၂၆ ရက်နေ့တို့တွင် လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ကျောက်မဲမြို့နှင့် ဒဏ်ရာရသူအမျိုးသမီးတစ်ဦး
#ကျောက်မဲ #မြို့မရဲစခန်း #သိမ်းဆည်း #စခန်းမှူး#အရှင်ဖမ်းဆီးရမိ #မြို့အဝင် #အမြောက်တပ် #TNLAကသိမ်းပိုက် #Ayeyarwaddy_Times