
ဧရာဝတီတိုင်းမ်
ဇွန် ၂၆ ရက်
ယူကရိန်းရှိ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်မှုကြောင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က ရုရှား ကာကွယ်ရေးဝန်ကြီးဟောင်းနဲ့ စစ်တပ်အကြီးအကဲကို ဖမ်းဝရမ်းတွေ ထုတ်ပြန်လိုက် တယ်လို့ သိရပါတယ်။
ရုရှားစစ်တပ်ရဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၃ ခုနှစ်၊ မတ်လအထိ ယူကရိန်း လျှပ်စစ် အခြေခံအဆောက်အအုံတွေအပေါ် ဒုံးကျည်တိုက်ခိုက်မှုအတွက် ရုရှား ကာကွယ်ရေးဝန်ကြီးဟောင်းနဲ့ စစ်တပ်အကြီးအကဲတို့က တာဝန်ရှိတယ်လို့ ကျိုးကြောင်းသင့်လျော်တဲ့ အကြောင်းရင်းတွေရှိတယ်လို့ တရားသူကြီးတွေက ထည့်သွင်းစဉ်းစားခဲ့တာကြောင့် ဖမ်းဆီးဝရမ်းတွေ ထုတ်ပြန်ခဲ့တာလို့ ICC က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ရုရှား ကာကွယ်ရေးဝန်ကြီးဟောင်း ဆာဂျီရှိုအီဂူနဲ့ ဗိုလ်ချုပ်ကြီး ဗယ်လာရီဂီရာစီမော့ဗ်တို့ဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမဆန်သော ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ICC က စွပ်စွဲပါတယ်။
“ယူကရိန်းနိုင်ငံရှိ နေရာများစွာက ဓာတ်အားပေးစက်ရုံတွေ၊ ဓာတ်အားခွဲရုံတွေကို ရုရှားတပ်ဖွဲ့ တွေက ဒုံးကျည်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်” လို့ ICC ရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေက အရပ်ဘက်ပစ်မှတ်တွေကို ဦးတည်ခဲ့တယ်လို့ ယူဆရတဲ့ ကျိုးကြောင်းသင့်လျော်တဲ့ အချက်အလက်တွေကို တရားသူကြီးတွေက တွေ့ရှိခဲ့ပါတယ်” လို့ ထုတ်ပြန် ချက်က ဆိုပါတယ်။
ယူကရိန်း စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေက တရားဝင် စစ်ရေးပစ်မှတ်တစ်ခုဖြစ် တယ်လို့ ရုရှားနိုင်ငံက ထပ်တလဲလဲ ပြောဆိုခဲ့ပေမယ့် အရပ်သားတွေ သို့မဟုတ် အရပ်ဘက် အခြေခံအ ဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမရှိဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။
ယူကရိန်းနိုင်ငံက ကလေးငယ်တွေကို ပြန်ပေးဆွဲမှုကြောင့် ICC က ပြီးခဲ့တဲ့နှစ်အတွင်း ရုရှား သမ္မတ ဗလာဒီမာပူတင်ကို ဖမ်းဝရမ်း ထုတ်ခဲ့ပါသေးတယ်။
ပူတင်က မေလအတွင်း အစိုးရအပြောင်းအလဲမှာ ဆာဂျီရှိုအီဂူရဲ့ ကာကွယ်ရေးဝန်ကြီးနေရာကို အစားထိုးခဲ့ပြီး ၎င်းကို ရုရှား လုံခြုံရေးကောင်စီ အတွင်းရေးမှူးအဖြစ် ခန့်အပ်ခဲ့ပါတယ်။
ကိုးကား – Aljazeera
Ref; ICC issues arrest warrants for Russian army chief, former defence minister
#Ayeyarwaddy_Timed