ဧရာဝတီတိုင်းမ်
(ကျောက်တံခါး)၊ ဇွန် ၂၆ ရက်

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါးမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီဂိတ်စခန်းကို ယမန်နေ့ ဇွန် ၂၅ ရက်၊ နံနက် ၂ နာရီဝန်းကျင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၃၇၀၂ တပ်ရင်းမှူး ဦးဆောင်သည့် ရင်း(၉) KNLA ၊ PDF ပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက စခန်းချထားသည့် ကျောက်တံခါးမြို့၊ စျေးပိုင်းရပ်ကွက် ၁ လမ်းရှိ စစ်ကောင်စီဂိတ်ကင်းစခန်းနှင့် စျေးပိုင်းရပ်ကွက် ၂ လမ်းထိပ်ရှိ ရွှေဘုန်းတိုး ဂိတ်စခန်း နှစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့သို့ဝင်ရောက်တိုက်ခိုက်စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်း-၃၇၀၂ မှ တော်လှန်ရေးရဲ ဘော်တစ်ဦး တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြောင်း သိရသည်။

“အဓိကကတော့ ဒီတပ်စခန်းတွေက မြို့ထဲကိုဝင်လာရင်လည်း ခံစစ်ပြင်အောင်ရန် ပြည်သူတွေကိုလည်းအနှောင့် အယှက်ပေးနေတဲ့ တပ်စခန်းဖြစ်တယ်ပေါ့နော်။ ကျောက်တံခါးမြို့ထဲမှာ ရှိတဲ့ဈေးသွားဈေးလာ‌တွေ ပုံမှန်ပြည်သူတွေကိုလည်း မထင်ရင် မထင်သလို စစ်ဆေးတယ်။ လွတ်လပ်စွာသွားလာခွင့်ကို ထိန်းချုပ်တယ်။ လုံခြုံရေး အကြောင်းပြပြီး ပြည်သူတွေကြားထဲတပ်စွဲတယ်။ ဒါကြောင့်မို့ဒီစစ်ဆင်ရေးကို ပုံဖော်ရခြင်းဖြစ်တယ်” ဟု တောင်ပိုင်းတိုင်း အမှတ်(၂) စစ်ဒေသ ပြန်ကြားရေး တာဝန်ခံတစ်ဦး ကဧရာဝတီတိုင်းမ်ကိုပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူများအပြင် အင်အား ၁၀၀ ဝန်းကျင်ပါသည့် ကားငါးစီးတို့ဖြင့် စစ်ကူလာရောက်ခဲ့သည့်အတွက် ပူးပေါင်း စစ်ကြောင်းမှ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီ ခလရ-၂၆၄ တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိခဲ့ပြီး သမင်အင်းကုန်းကျေးရွာ အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သားထိခိုက်မှုမရှိသော်လည်း နေအိမ်ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် ပြီးခဲ့သည့် ဇွန် ၂၀ ရက်နေ့ကလည်း ပဲနွယ်ကုန်းအခြေစိုက် ခမရ-၃၀၇ တပ်ရင်းမှ ပစ်ခတ်သည့်လက်နက်ကြီး ထိမှန်မှုကြောင့် ပေါက်ကုန်းလေး ကျေးရွာမှ နော်လားဘွယ်ဖော(၂၃)နှစ်မှာ ဦးခေါင်းပြင်းထန်ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ကျောက်တံခါးတိုက်ပွဲ #စစ်ကောင်စီသေဆုံး #ဂိတ်စခန်းတိုက်ခိုက်ခံရ #Ayeyarwaddy_Times