
ဧရာဝတီတိုင်းမ်
ဇွန် ၂၆ ရက်
စားအုန်းဆီတင်သွင်းသော ကုမ္ပဏီကြီး ရှစ်ခုကို စားအုန်းဆီတင်သွင်းရာတွင် မသမာမှု ပြုလုပ်သည် ဟုဆိုကာ အမည်ပျက်စာရင်း ( Black List) လုပ်ကြောင်း ဇွန် ၂၄ ရက်နေ့ ရက်စွဲဖြင့် ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
အဆိုပါစားအုန်းဆီတင်သွင်းသောကုမ္ပဏီ ရှစ်ခုသည် လုပ်ငန်းနှင့်သက်ဆိုင်သည့် အစိုးရအဖွဲ့အစည်းများမှ ချမှတ်ထားသော တည်ဆဲဥပဒေများကို လိုက်နာခြင်းမရှိကြောင်း တွေ့ရှိသဖြင့် အမည်ပျက်စားရင် ထည့်သွင်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နှစ်ပေါင်း ၃၀ ကျော် စားအုန်းဆီတင်သွင်းထားသည့် Damond Dragon၊ A Bank ဥက္ကဌ ဦးဇော်ဝင်းရှိန်ပိုင်သည့် Ayeyar Hinthar ကုမ္ပဏီအပါအဝင် လုပ်ငန်းရှင် ဦးမောင်စိန်ပိုင်သည့် ဆီလုပ်ငန်းဆယ်နှစ်ကျော်သက်တမ်းရှိ Six Winner Brother ၊ ဦးမြင့်ကြူပိုင်ဆိုင်သည့် First Top Edible ကုမ္ပဏီ ၊ Thein Than Yadanra၊ Agri One Trading ၊ Grand Unity ကုမ္ပဏီနှင့် စစ်ကောင်စီလက်ထက် မှတ်ပုံတင် ထားသော Jewel Arrow ကုမ္ပဏီတို့ပါဝင်သည်။
“အခုအမည်ပျက်စာရင်းကြေညာခံရတဲ့ ကုမ္ပဏီတွေရဲ့ အချို့သူဌေးတွေက အဖမ်းခံထားရတာ ကြာပြီ” ဟု ဆီလုပ်ငန်းရှင်အချို့နှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
နိုင်ငံခြားငွေနည်းပါးနေသော စစ်ကောင်စီသည် ပြည်ပမှအမေရိကန်ဒေါ်လာ သန်း ၈၀၀ ဖိုးခန့် နှစ်စဉ် စားအုန်းဆီတင်သွင်းနေရသဖြင့် ဆီတင်သွင်းမှုလျော့ချလိုကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိသည်။
လက်ရှိတွင်စားအုန်းဆီဈေးနှုန်းမြင့်တက်နေပြီး ရန်ကုန်မြို့အပါအဝင် နယ်မြို့များတွင် ဆီဝယ်ရခက်ခဲနေကာ အသေးစားစားသောက်ကုန်လုပ်ငန်များ အခက်အခဲကြုံနေရကြောင်းသိရသည်။
ယင်းပြင် ကုန်သွယ်ရေးလမ်းကြောင်းအခက်အခဲများကြောင့် ထိုင်းနိုင်ငံထုတ် ဟင်းသီးဟင်းရွက်ဆီ၊ ပဲပိစပ်ဆီ၊ နေကြာဆီများ ဈေးမြင့်တက်နေပြီး ကုန်ပစ္စည်းရှားပါးမှုနှင့်လည်း ကြုံနေရသည်။
နိုင်ငံခြားငွေသုံးစွဲမှုကို လျော့ချလိုသဖြင့် ပြည်သူများစားအုန်းဆီလျော့စားကြရန် နှင့် ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်ရမည်ဟုဆိုကာ စီမံချက်ဖြင့် နေကြာအပါအဝင် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်ကြရန် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် အမြဲပြောကြားလေ့ရှိသည်။
- #စားအုန်းဆီတင်သွင်းရောင်းချ #ကုမ္ပဏီ၈ခုကို #စစ်ကောင်စီက #အမည်ပျက်စာရင်းသွင်း
#Ayeyarwaddy_Times