ဧရာဝတီတိုင်းမ်
(မန္တလေး)၊ ဇွန် ၂၆ ရက်

မန္တလေးတိုင်း၊ မန္တလေးအိုးဘိုအကျဉ်းထောင်တွင် ပြီးခဲ့သည့် ဇွန် ၂၀ ရက်နေ့က စစ်ကောင်စီလက် အောက်ခံ အကျဉ်းထောင်ဝန်ထမ်းများ၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သူ ကိုထက်ရန်နိုင် သေဆုံးခဲ့ကြောင်း သိရသည်။

အိုးဘို ထောင်ရှိ အမျိုးသားအိပ်ဆောင်(၃) တွင် အကြမ်းဖက် ဥပဒေ ပုဒ်မ-၅၂(က)ဖြင့် ထောင်ဒဏ် လေးနှစ် ချမှတ်ခြင်းခံထားရသည့် အသက် (၂၃) နှစ်အရွယ် ကိုထက်ရန်နိုင် (ခ)ကိုထက်သည် မူးယစ်ဆေးဝါးရောင်းဝယ်မှုလုပ်နေသည့် အကျဉ်းသားကို တိုင်တန်း ရာမှ အဆိုပါအကျဉ်းသား၏ ဒုအိပ်ဆောင်းမှူးဖြစ်သူ တပ်ကြပ်ဇေယျာအောင် နှင့် ပူးပေါင်းကာ ကိုထက်ရန်နိုင်ကို ဝိုင်းဝန်းရိုက်နှက် နှိပ်စက်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေး အိုးဘိုထောင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။

“အခန်းစာရေးအဖြစ်လုပ်ကိုင်နေတဲ့ အကျဥ်းသားက မူးယစ်ဆေးဝါးအရောင်းအဝယ် လုပ်နေသည်ကို လက်ပူးလက်ကြပ်မိလို့ တိုင်တန်းမယ်လုပ်တာ အခန်းလူကြီးဖြစ်သူက ညှိနှိုင်းပေးခဲ့တယ်။ ဒါကို အခန်းစာရေးက မကျေနပ်ဘဲ တပ်ကြပ်ဇေယျာအောင်ကို တိုင်တာ အကြောင်းမဲ့ ရိုက်နှက်ခံရတယ်။ ကိုထက်ရန်နိုင်က အပြစ်မရှိလို့ မရိုက်နှက်သင့်ကြောင်း ပြန်ပြောတာကို အကျဥ်းထောင်ဝန်ထမ်းကို ကလန်ကဆန် လုပ်တယ်လို့ စွပ်စွဲပြီး ကိုထက်ရန်နိုင်ကို ဒေါက်ခြေကျင်းခတ် အပြစ်ပေးဖို့ main jail ကိုအတင်းအဓမ္မ ခေါ်သွာခံခဲ့ရတယ်” ဟု မန္တလေးအိုးဘိုထာင်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းချုပ်ခံရပြီးနောက် ကိုထက်ရန်နိုင်ကို အိုးဘို‌ထောင် ထောင်ပိုင်လေးဖြစ်သူ ဦးဇော်ထွန်း၏ ခွင့်ပြုချက်ဖြင့် တပ်ကြပ်ဇေယျာအောင်၊ တပ်သားမြတ်မင်းသူ၊ တပ်သားမိုးမင်းထက်၊ အကျဥ်းသားဖိုးကေ၊ အကျဥ်းထောင်အရာရှိများနှင့် ဝန်ထမ်းများ အပါအဝင် ၄င်းတို့ လက်ပါးစေအကျဥ်းသားများက ကိုထက်ရန်နိုင်ကို ဝိုင်းဝန်း ထိုးကြိတ်ကန်ကျောက်ခြင်း၊ ဝါးဆစ်ပိတ်တုတ်၊ သံတုတ်များနှင့် ရိုက်နှက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရိုက်နှက်ခံရမှုကြောင့် ထွက်ပြေးခဲ့သည့် ကိုထက်ရန်နိုင်ကို လိုက်လံဖမ်းဆီးကာ ခေါင်းကွဲသည်အထိ တပ်မံရိုက်နှက်ခဲ့ပြီး ဆေးဝါးကုသမှု ပေးခြင်းမရှိပဲ ဆေးရုံဝင်းရှိ အရူးတိုက်တွင်ပိတ် လှောင်ထားပြီး သေဆုံးခါနီးအချိန်မှသာ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီးနောက် ဆေးရုံ၌ပင်သေဆုံးခဲ့ကြောင်း သိရသည်။

ထို့နောက် သေဆုံးခဲ့သည့် ကိုထက်ရန်နိုင်၏ အလောင်းကို မိသားစုထံပြန်လည် ပေးအပ်ခြင်းမရှိဘဲ သက်သေဖျာက်နိုင်ရန် အကျဉ်း ထောင်အတွင်း၌ပင် မီးသင်္ဂြိုဟ်ခဲ့ ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ဆေးဝါးလုံ လောက်မှုမရှိခြင်းနှင့် အချိန်မှီ ဆေးကုသခွင့် မရခြင်းများ ကြောင့် သေဆုံးခဲ့ရသည့် အကျဉ်းသားအရေအတွက်မှာ ၂၀၂၃ တွင် ၁၇ ဦးနှင့် ၂၀၂၄ ငါးလ တာအတွင်း သေဆုံးသူ ကိုး ဦးအထိရှိလာပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – အိုးဘိုထောင်

#မန္တလေး #အိုးဘိုထောင် #နိုင်ငံရေးအကျဉ်းသား #သေသည်အထိရိုက်နှက်ခံရ #ထောင်ဝန်ထမ်း #Ayeyarwaddy_Times