ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၂၆ ရက်

မွန်ပြည်နယ် ၊ ရေးမြို့မရဲစခန်းက ရဲဒုတပ်ကြပ်တစ်ဦးသည် ယနေ့ ဇွန်လ ၂၆ ရက်နေ့က လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်ရောက်လာ၍ ရေးဘီလူးအဖွဲ့က ငွေကျပ် သိန်း ၃၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အလင်းဝင်ရောက်လာသူမှာ မွန်ပြည်နယ် ၊ ဘီလူးကျွန်းမြို့ဇာတိဖြစ်ပြီး လက်ရှိ ရေးမြို့မရဲစခန်းတွင်တာဝန်ထမ်းဆောင်နေသည့် ရဲဒုတပ်ကြပ် ကိုရဲထက်ပိုင် ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ထံက သိရသည်။

“ရဲဒုတပ်ကြပ် ရဲထက်ပိုင်က ရေးမြို့မရဲစခန်းကပါ။ ကျွန်တော်တို့အဖွဲ့ဆီကို သူက အလင်းဝင်ရောက်ဖို့ စာပို့ဆက်သွယ်ထားတာတော့ကြာပါပြီ။ အလုပ်တွေ မအားတာရယ် ကြောင့် ဝင်ကြည့်မဖြစ်ခဲ့ဘူး။ အခုရက်ပိုင်းမှပဲ ဝင်ကြည့်ဖြစ်လို့ သူနဲ့အဆက်အသွယ် ရတာပါ။ သူ့အတွက်တော့ အချိန်နည်းနည်းနောက် ကျသွားတာပေါ့။ သူနဲ့ကျွန်တော်တို့ ယုံကြည်မှုတစ်ခု တည်ဆောက်ပြီးမှ သွားခေါ်လာခဲ့တာပါ။ ကျွန် တော်တို့ဆီကို ပထမဆုံး အလင်းဝင်ရောက်လာတဲ့ရဲဒုတပ်ကြပ်ပါ” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဧရာဝတီ တိုင်းမ် ကိုပြောသည်။

အလင်းဝင်ရောက်လာသည့် ရဲဒုတပ်ကြပ် ရဲထက်ပိုင်သည် ၎င်းကိုင်ဆောင်သည့် AK 47 သေနတ် တစ်လက် ၊ 7.62 ကျည် ၆၀ တောင့် ၊ကျည်ဘောက်၂ခု စသည့် လက်နက်ခဲယမ်းနှင့်အတူ ရေးဘီလူးအဖွဲ့ထံသို့ လာရောက်အလင်းဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော် တို့ချမှတ်ထားတဲ့ မူရှိတယ်ဗျ။ လက်နက်မပါ ရင် ဆုငွေ မချီးမြှင့်ပေးဘူး။ လက်နက်ပါ ရင် သိန်း ၃၀ ကျပ် ဆုငွေ ချီးမြှင့်မယ်လို့။ သူ့မှာပါ လာတဲ့ ပစ္စည်းတန်ကြေးက ကာလပေါက်စျေးနဲ့ဆို သိန်း ၂၀၀ ကျော်လောက်ရှိတယ်။ ကျွန်တော်တို့ ဘက်ကလည်း အဲလောက်အထိ ပံ့ပိုးမပေးနိုင်ဘူး။ ဒါကြောင့် သတ်မှတ် ထားတဲ့ နှုန်းထားအတိုင်းပဲ ဆုငွေချီးမြှင့်ပေးခဲ့ရတယ်”ဟု ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ဧရာဝတီတိုင်းမ် ကိုပြောသည်။

အလင်းဝင်ရောက်လာသည့် ရဲဒုတပ်ကြပ်ကို လက်ရှိအချိန်တွင် ရေးဘီလူးအဖွဲ့က နွေးထွေးစွာ ကြိုဆိုထားပြီး ၎င်း၏သဘောဆန္ဒအတိုင်း လွတ်မြောက်သည့်နေရာသို့ ထွက်ခွာလိုပါက ဆောင်ရွက်ပေးမည်ဖြစ်ပြီး သီးသန့်ခိုလှုံသူအဖြစ်နေထိုင်ခြင်း (သို့မဟုတ်) တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ တာဝန်ထမ်းဆောင်ခြင်း လုပ်ဆောင် လိုပါကလည်း လက်ခံပေးသွားမည်ဟု ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ဆိုသည်။

လက်ရှိအချိန်တွင် ရေးမြို့ ၊လမိုင်းမြို့ ၊ခေါဇာမြို့တို့တွင် စစ်ကောင်စီလက်အောက်၌ တာဝန်ထမ်းဆောင်နေသောသူများအနေဖြင့် အသက်များမဆုံးရှုံးခင် တော်လှန်ရေး တပ်ဖွဲ့များနှင့် အမြန်ဆုံး ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်း ရေးဘီလူးအဖွဲ့ခေါင်းဆောင် က ပြောကြားထားသည်။

ပုံစာ ၊ ရေးမြို့မရဲစခန်း မှ အလင်းဝင်ရောက်လာသော ရဲ ဒုတပ်ကြပ် ရဲထက်ပိုင်
#ရေးမြို့မရဲစခန်း #ရဲဒုတပ်ကြပ် #ရေးဘီလူးအဖွဲ့ #လက်နက်ခဲယမ်းများ #အလင်းဝင် #ငွေကျပ်သိန်း၃၀ချီးမြှင့် #Ayeyarwaddy_Times