
မြရာ/ဧရာဝတီတိုင်းမ်
ဇွန် ၂၅ ရက်
ရှမ်းမြောက်ရှိ ကျောက်မဲနှင့် နောင်ချိုမြို့နယ်တို့မှ စစ်ကောင်စီတပ်စခန်းများကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယနေ့ ဇွန် ၂၅ ရက်နေ့ နံနက်ပိုင်းတွင် တစ်ပြိုင်နက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF တို့သည် ယနေ့ နံနက် ၅ နာရီခန့်က နောင်ချိုမြို့အရှေ့ဘက်ရှိ စစ်ကောင်စီ၏ ခမရ- ၁၁၅ တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“ထိတွေ့ထက် ပိုပါတယ်။ တိုက်ပွဲကပိုပြင်းထန်လာနိုင်တယ်”ဟု TNLA နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကိုပြောသည်။
နှစ်ဖက်တိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲသည့်အပြင် ကျောက်မဲရှိ အမှတ်(၁)စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ် (စခက-၁) နှင့် ခလရ ၅၀၁၊ ၅၀၂ တို့ကလည်း လက်နက်ကြီးများဖြင့် အကြိမ် ၁၀၀ ခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
TNLA နှင့် ပူးပေါင်းတပ်များသည် စစ်ကောင်စီ၏ ခမရ-၁၁၅ တပ်စခန်းအပြင် နောင်ချို-ပြင်ဦးလွင် လမ်းပိုင်းရှိ အုမ္မတီးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ စခန်းနှင့် ကျောက်မဲမြို့အနောက် မြောက်ဘက်ရှိ ငြိမ်းချမ်းရေးကုန်းတွင် နေရာယူထားသည့် စစ်ကောင်စီတပ်စခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြကြောင်း TNLA ထံက သိရသည်။
အဆိုပါငြိမ်းချမ်းရေးကုန်းသည် ယခင်က TNLA တပ်များ တပ်စွဲထားရာနေရာ ဖြစ်ကြောင်း သိရသည်။
” ဒီမနက် ၆ နာရီခွဲလောက်က တိုက်ပွဲဖြစ်တာ။ နောင်ချို အုမ္မတီး ကျောက်ကြမ်းလမ်းဆုံနားမှာဖြစ်တယ်။ ငွေရီပုလဲဘိလပ်မြေရုံနားဖြစ်တယ်။ နောက်ချိုမြို့မဈေးနဲ့ ဆိုင်းခန်တွေပိတ်သွားပြီ။ စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတာတွေရှိတယ်။ ပြင်ဦးလွင်အထွက်ဆိုတော့ မြို့ရှောင်လမ်းတွေမှာစစ်ဆေးနေတယ်။ ပြင်ဦးလွင်မြို့ထဲဆိုရင် ချယ်ရီလမ်းထိပ်နားမှာစစ်ဆေးတာရှိတယ်။ ပြင်ဦးလွင်မြို့ထဲမှာတော့ပုံမှန်ပါပဲ။ သွားလာနေကြတယ်။ အဲဒီလိုစစ်ဆေးခံရတာတော့ရှိတယ်” ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီနှင့် ဟိုင်ဂင်သဘောတူညီချက်အရ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီးနောက် ငြိမ်းချမ်းရေးကုန်းကို လာရောက် တိုက်ခိုက်ရာတွင် ဒေသခံများကိုငဲ့ကွက်၍ TNLA က နောက်ဆုတ် ပေးခဲ့သည့် နေရာဖြစ်ပြီး ကျောက်မဲမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို စိုးမိုးနိုင်သည့် တပ်စခန်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကျောက်မဲ-နောင်ချိုလမ်းရှိ စစ်ကောင်စီ၏ စခန်းသာ စစ်တပ်စခန်းကိုလည်း TNLA က တစ်ပြိုင်နက် တိုက်ခိုက်နေလျှက်ရှိကြောင်း သိရသည်။
TNLA နှင့်ပူးပေါင်းတပ်များသည် ကျောက်မဲ၊ နောင်ချိုအပြင် မိုးကုတ်မြို့နယ် ညောင် ကုန်းကျေးရွာနှင့် မတ္တရာမြို့နယ်အရှေ့ခြမ်းမှ စစ်ကောင်စီစခန်းများကိုပါ ယနေ့ ဇွန် ၂၅ ရက် နံနက်ပိုင်းက စတင်၍ တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန် ၂၂ ရက်နေ့နေလယ်ပိုင်းက စတင်၍ မိုင်တိုင်အမှတ် (၅) ရှိ TNLA တပ်များရှိရာသို့ ထိုးစစ်ဆင်တိုက်ခိုက်လာသဖြင့် ထိတွေ့တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။
စစ်ကောင်စီက ထိုသို့ ထိုးစစ်ဆင်မှုများမပြုလုပ်ခင် မိုးကုတ်နှင့် နောင်ချိုမြို့များသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲခြင်းများကို သဘောတူစာချုပ်ကို ချိုးဖောက်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် အရှေ့မြောက်တိုင်းစစ် ဌာနချုပ်တည်ရှိရာ လားရှိုးမြို့သို့ ယခုဇွန် ပထမပတ်မှစ၍ ဒရုန်းအစီးရေ ၄၀၀ ကျော်နှင့် ပစ်ခတ်နိုင်သည့်ဗုံးသီးများအပြင် ဒရုန်းတပ်ဖွဲ့ကို လေ့ကျင့်သင်ကြားပေးမည့် အရာရှိများ ကိုပါ စေလွှတ်ခြင်းကို စစ်ကောင်စီက ကြိုတင်ပြု လုပ်မှုများရှိခဲ့သည်။
ယမန်နေ့ဇွန် ၂၄ ရက်နေ့တွင် ကျောက်မဲလေးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဟိုခိုကျေးရွာသို့ လက်နက်ကြီး လေးလုံး၊ အုမ္မတီးရွာတွင် တပ်စွဲထား သည့်စစ်ကောင်စီတပ်က ဆမ္မဆယ်ကျေးရွာသို့ လက်နက်ကြီး လေးလုံးတို့ပစ်ခတ်ခဲ့ပြီး မိုးကုတ်မြို့နယ် စလောင်တောင် အနီးတစ်ဝိုက်သို့လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။
စစ်ကောင်စီသည် ဂျက်လေယာဉ်အပါအဝင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကြောင့် TNLA တပ်ဖွဲ့ဝင် သုံးဦး ကျဆုံးခဲ့ပြီး လေး ဦး ထိခိုက်ဒဏ်ရာရရှိကာ အရပ်သားပြည်သူများ၏ နေအိမ်များ ထိမှန်ပျက်စီး၍ သေဆုံးထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
“စကစ(စစ်ကောင်စီ) က စစ်ရေးလှုပ်ရှားမှု ဆက်တိုက်ပြုလုပ်လာတဲ့အတွက် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ပြီး တအာင်းပြည်တွင်းရှိ ပြည်သူလူထုတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ မှာကြားလိုပါတယ်”ဟုလည်း ဗိုလ်ချုပ် တားဘုန်းကျော် (PSLF/TNLA အထွေထွေအတွင်း ရေးမှူး) က ယမန်နေ့ ဇွန် ၂၄ ရက်နေ့တွင် ရုပ်သံနှင့်တကွ ပြောကြားထားသည်ကို တွေ့ရသည်။
လက်ရှိတွင် မိုးကုတ်မြို့နယ်၊ ပန်းဆပေရွာဘက်တွင် စစ်ကောင်စီနှင့် TNLA ပူးပေါင်းတပ်တို့ ယနေ့ ဇွန် ၂၅ ရက် နံနက် ၉ နာရီ ၄၀ မိနစ်အချိန်မှစ၍ ထိတွေ့တိုက်ပွဲပြင်းထန်လျှက် ရှိကြောင်းသိရသည်။
ယနေ့ နံနက်ပိုင်းက ကျောက်မဲနှင့် နောင်ချိုတွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီနှင့် တိုက်ပွဲများသည် “၁၀၂၇ စစ်ဆင်ရေး” အဆက်ဖြစ်သည်ဟု တအာင်းတပ်မတော် PSLF/TNLA က ထုတ်ပြန်ထားသည်။
ပုံစာ-တအာင်းတပ်မတော် (TNLA) နှင့် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF တပ်ဖွဲ့ဝင်များ
#ရှမ်းမြောက် #ကျောက်မဲ #နောင်ချို #TNLA #MDY PDF #စစ်ကောင်စီ #တိုက်ပွဲပြင်းထန် #၁၀၂၇စစ်ဆင်ရေး #Ayeyarwaddy_Times