
ဧရာဝတီတိုင်းမ်
ဇွန် ၂၅ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင်ရှိသော တက္ကသိုလ် သုံးခုနှင့် ကောလိပ်တစ်ခုမှ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများကို စစ်ကောင်စီ က ဇွန်လ၂၃ရက်နေ့တွင် အခြေခံစစ်သင်တန်းဖွင့်လှစ် သင်ကြားပေးနေကြောင်းသိရသည်။
ပုသိမ် တက္ကသိုလ်၊ ပညာရေးကောလိပ်၊ နည်းပညာသိပ္ပံ တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် တို့မှဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသား ၁၀၀ကျော်သင်တန်းတက်ရောက်နေကြကြောင်းသိရသည်။
“တက္ကသိုလ် ဆရာ၊ ဆရာမတွေက မတက်မနေရ အမိန့်နဲ့တက်ရတာ ကျောင်းသား၊ ကျောင်းသူတွေကတော့ ဆရာမတွေက ဘယ်လိုစည်းရုံးပြီး သင်တန်းတက်ခိုင်းလဲမသိဘူး။ အများစုကတော့ စစ်ကောင်စီနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သူတွေများပါတယ်”ဟု တက္ကသိုလ်ဆရာတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ရက်နေ့ကလည်း ပုသိမ်မြို့ရှိ တက္ကသိုလ်များမှဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူ ၁၁၆ဦးကို အခြေခံစစ်သင်တန်း ပထမအကြိမ်ပေးခဲ့ပြီး သင်တန်းဖွင့်ပွဲတွင် လိုအပ်ပါက စစ်မှုထမ်းဆောင်ရမည်ဖြစ်ကြောင်းစစ်ကောင်စီ၏ တိုင်း၀န်ကြီးချုပ်မှ ပြောကြားခဲ့သည်။
လက်ရှိတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် အမှတ်(၇)တက္ကသိုလ် လေ့ကျင့်ရေးသင်တန်းကျောင်းတွင်သင်ကြားပေးနေပြီ အခြေခံ စစ်ပညာသင်တန်းတွင် အခြေခံ စစ်ပညာနှင့် လက်နက်ငယ်ပစ်ခတ်နည်းတို့ကို ဇွန်လ၂၃ ရက်နေ့ မှ စတင်ကာ နှစ်ပတ်ကြာသင်ကြားမည်ဖြစ်ကြောင်း သိရသည်။
#ပုသိမ်ရှိ #တက္ကသိုလ် #ကောလိပ်များတွင် #ဒုတိယအကြိမ် #စစ်သင်တန်းပေး #Ayeyarwaddy_Times