“လုပ်ငန်းခွင်မှာ စည်းမျဉ်းစည်းကမ်းတွေကို ပြောင်းပစ်လိုက်တယ်။ အများစုက အမြဲထမ်းဝန်ထမ်းတွေကနေ နေ့စားအလုပ်သမားတွေ ဖြစ်သွားတယ်။ အဲဒီတော့ နေ့စားအလုပ်သမား ဖြစ်သွားတယ်ဆို တော့ အလုပ်က နှစ်လနေ တစ်ခါ ဖြုတ်ချင်ဖြုတ်သွားတယ်”
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၂၆ ရက်
ဒေါ်ခိုင်ဇာအောင်သည် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဗဟိုအလုပ်အမှုဆောင်၊ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ဥက္ကဋ္ဌ တစ်ဦး ဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီးနောက် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ နိုင်ငံတကာက အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းများ အကြား သွေးစည်း ညီညွတ်မှုနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်လာရေး ကြိုးပမ်းမှုများအတွက် နော်ဝေနိုင်ငံ အလုပ်သမားသမဂ္ဂက ပေးအပ်သော နိုင်ငံတကာ အလုပ်သမားသမဂ္ဂ အခွင့်အရေးဆု (Arthur Svensson’s International Prize) ကိုလည်း မကြာသေးမီက ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိမြန်မာနိုင်ငံတွင် အလုပ်သမား၊ အလုပ်သမားသမဂ္ဂ အခွင့်အရေးနှင့် ကြုံတွေ့နေရသည့် အခြေအနေများ အပါအဝင် စစ်ကောင်စီ၏ လုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ CTUM မှ ဒေါ်ခိုင်ဇာအောင်ကို ဧရာဝတီတိုင်းမ် သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သည်။
🟥ဧရာဝတီတိုင်းမ်။ ။ စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားတွေ ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေရဲ့ အခြေအနေကရော ဘယ်လိုရှိနေပါသလဲ။
⬛️DKZA ။ ။ စစ်တပ်က အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ခေါင်းဆောင်တွေ အားလုံးကို ဖမ်းဝရမ်း ထုတ်တယ်။ အိမ်တွေမှာ လိုက်လံရှာဖွေတယ်။ အဖွဲ့ချုပ်တင် မဟုတ်ဘူး၊ စက်ရုံအဆင့်က အလုပ်သမား ခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားတဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေအားလုံးကို သူတို့က စက်ရုံထဲတွေမှာရော အိမ်တွေမှာလဲ လိုက်ရှာတယ်။ ဖမ်းဝရမ်း ထုတ်တယ်၊ ဖမ်းဆီးတယ်၊ ထောင်ချတယ်။ နိုင်ငံတော်ပုန်ကန်မှု၊ သစ္စာဖောက်မှုပေါ့။ ဒီပုဒ်မက ကျွန်မတို့ကို ထောင်ထဲမှာ အနှစ် ( ၂၀) ကျော် ထည့်ထားလို့ရတဲ့ ပုဒ်မဖြစ်တယ်ပေါ့နော်။
ကျွန်မတို့ရဲ့ အခြေခံလွတ်လပ်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကို ကျွန်မတို့ ကျင့်သုံးခဲ့တာဖြစ်တယ်။ ကျွန်မတို့က စစ်တပ်နဲ့ မပူးပေါင်းဘူး၊ စစ်တပ် အာဏာသိမ်းတာ လက်မခံဘူး။ ကျွန်မတို့ ရဲ့အသံကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောတဲ့အခါမှာ ကျွန်မတို့ကို ဒါနိုင်ငံတော် ပုန်ကန်တယ်ပေါ့နော်။ သူတို့ကတော့ သူတို့ကိုသူတို့ နိုင်ငံတော်လို့ ယူဆတာကိုး။ ဒီလိုမျိုး အရေးယူမှုတွေကို လုပ် တယ်။ ကျွန်မတို့ရဲ့ ပတ်စပို့တွေ၊ ခေါင်းဆောင်တွေအားလုံးရဲ့ ပတ်စပို့တွေကို ရုတ်သိမ်းလိုက်တယ်။ သမဂ္ဂခေါင်းဆောင် အများအပြားက ဖမ်းခံရသလို ပြည်တွင်း (သို့မဟုတ်) နယ်စပ်တွေမှာ၊ လွတ် မြောက်နယ်မြေမှာ ပုန်းရှောင်နေရတဲ့ အနေအထားတွေ ဖြစ်သွားတယ်။
၂၀၂၁ ခုနှစ်၊ မတ်လကတည်းက ကျွန်မတို့ အလုပ်သမားတွေက အစုလိုက် အပြုံလိုက် အလုပ်ဖြုတ်ခံရတယ်၊ လျော်ကြေးတွေတောင် မရကြဘူး။ နောက်တစ်ခုက လုပ်ငန်းခွင်မှာ စည်းမျဉ်းစည်းကမ်းတွေ ကို ပြောင်းပစ်လိုက်တယ်။ အများစုက အမြဲထမ်းဝန်ထမ်းတွေကနေ နေ့စားအလုပ်သမားတွေ ဖြစ်သွားတယ်။ အဲဒီတော့ နေ့စားအလုပ်သမား ဖြစ်သွားတယ်ဆိုတော့ အလုပ်က နှစ်လနေ တစ်ခါ ဖြုတ်ချင် ဖြုတ်သွားတယ်။ ပုံမှန်အားဖြင့်တော့ နှစ်လ/သုံးလ မှာ သူတို့ ဖြုတ်ဖြစ်လိုက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ သုံးလပြည့်ပြီးရင် သူတို့ အခြားသော ခံစားခွင့်တွေ ပေးရမှာကို စိတ်ပူတယ်။ ဒါပေမယ့် စက်ရုံတွေက မပေးပါဘူး။
အာဏာသိမ်းပြီးနောက်မှာ တရားဥပဒေ စိုးမိုးမှုဆိုတာ မရှိတော့ဘူးလေ။ အလုပ်သမား အခွင့်အရေးလို့ပြောတဲ့ အလုပ်သမားတွေကိုလည်း စစ်တပ်ကိုခေါ်ပြီး ဖမ်းခိုင်းတာတွေ ဖြစ်တယ်။ အဲတော့ အလုပ် သမားတွေက မခံနိုင်တော့လို့ ဆန္ဒပြတယ်ဆိုရင် စစ်တပ်ကို စက်ရုံကိုခေါ်တယ်၊ ဆန္ဒပြနေတဲ့ အလုပ် သမားတွေကို ခြိမ်းခြောက်ပြီးတော့ ဆန္ဒပြပွဲ ပြီးအောင်လုပ်တယ်။ အခုဆိုရင် လုပ်အားခက ၄၈၀၀၊ ကုန်ဈေးနှုန်းကသာ သုံးဆ လေးဆ ကျော်လောက် တက်သွားပြီ။ Exchange rate တွေလည်း တက်သွားတယ်။ ဒါပေမယ့် ကျွန်မတို့ လစာက ၄၈၀၀ က မတက်ဘူး။ ဟိုတခေါက်ကတော့ စစ် တပ်က တစ်ထောင်တိုးပေးပါလို့ ပြောဆိုပေမယ့် မတိုးပေးတဲ့ စက်ရုံတွေက မတိုးပေးဘူး။ တစ်ထောင်တိုးပေးပြီး အခြားခံစားခွင့်တွေ ဖြုတ်ဖြစ်တဲ့ စက်ရုံတွေက ဖြုတ်ဖြစ်လိုက်တယ်။
ဆိုတော့ ဒီနေ့ရတဲ့ လစာက ကျွန်မတို့ အလုပ်သမားတွေ တစ်ယောက်တောင်မှ မလုံလောက်တော့ဘူး။ အဲဒီအပြင် ၄၈၀၀ ပေးပြီးတော့ ၈ နာရီအတွင်းမှာ ချုပ်ခိုင်းတဲ့ ပမာဏပေါ့နော်။ အဲဒါမပြီးဘူး ဆိုရင် အိုဗာတိုင်ဆင်းခိုင်းတယ်၊ ပိုက်ဆံမပေးဘူး။ ဒီပမာဏပြီးမှ ၄၈၀၀ ရမယ်ဆိုတာတွေ ဖြစ်တယ်။ နောက်တစ်ခုက တနင်္ဂနွေနေ့တွေမှာ အလုပ်လုပ်ခိုင်းတယ်၊ အရင်ကဆိုရင် လုပ်ခလစာနဲ့ ပိတ် ရက်ပေါ့နော်။ ဒါပေမယ့် အခုဆိုလို့ရှိရင် တနင်္ဂနွေနေ့တွေမှာ အလုပ်ဆင်းရပြီးတော့ အိုဗာတိုင်ကြေး မရကြဘူး။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးလည်း ခွင့်တွေမရတော့ဘူး။ လူမှုဖူလုံရေးနဲ့ ပတ်သက်ပြီး တော့လည်း မရတော့ဘူး။ အဲဒီအနေအထားတွေ ဖြစ်လာတယ်။ လူမှုဖူလုံရေးကြေးကတော့ ပေးနေရတုန်း၊ ဒါပေမယ့် အခွင့်အရေးတွေက မရတော့ဘူး ဖြစ်သွားတယ်။
အလုပ်သမားတွေကို နှုတ်အားဖြင့် အမြဲတမ်း ရိုင်းစိုင်းစွာ ဆဲဆိုစော်ကား ပြောဆိုပြီး၊ ဖိအားပေး ခိုင်းစေတာတွေက နေ့စဉ်နဲ့အမျှ လုပ်အားခွင်တွေမှာ ဖြစ်နေတယ်။ တချို့ဆို မကြားဝံ့မနာသာတွေ ပြောတယ်။ ဆိုတော့ အလုပ် သမား အမျိုးသမီးတွေ ဆိုလို့ရှိရင် အရမ်းအရှက်ရတယ်။ လုပ်ငန်းခွင်တွေမှာ အခုဆိုရင် အပြန်အလှန် လေးစားမှုတွေ ဂုဏ်သိက္ခာတွေ လုံးဝမရှိဘူး၊ လုပ်ရတဲ့ အနေအထား ဖြစ်လာတယ်။ ကျွန်မတို့ကတော့ ဒီလုပ်ငန်းခွင် အနေ အထားကို ကျွန်ပြုတဲ့စနစ် အခြေအနေမျိုးကို ရောက်သွားပြီလို့ အပြည်ပြည်ဆိုင်ရာမှာ ကျွန်မတို့ ဖော်ပြတယ်။ အထည်ချုပ်ကဏ္ဍကမှာတော့ ဆိုး ဆိုးဝါးဝါး ချိုးဖောက်ခံနေရပြီး အခြားကဏ္ဍကတွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေက မရှိသလောက်ကို ဖြစ်သွားတယ်။
🟥ဧရာဝတီတိုင်းမ်။ ။ အခုဆိုရင် စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် တရားဝင်ကော တရားမဝင်ကော ပြည်ပထွက်ခွာတဲ့ လုပ်သားတွေ ပိုများပြားလာတယ်ပေါ့။ ဒီတော့ မြန်မာနိုင်ငံက အထည်ချုပ် တွေနဲ့ စက်ရုံ/အလုပ်ရုံတွေမှာ လုပ်သားအင်အား ပြဿနာက ဘယ်လောက်ထိ ဆိုးဝါးနေပါသလဲ။
⬛️DKZA ။ ။ စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေက အလုပ်သမားတွေအပေါ်မှာ တော်တော်ရိုက်ခက်မှုရှိပါတယ်။ အထူးသဖြင့် လူငယ်တွေပေါ့နော်။ အထည်ချုပ်ကဏ္ဍ ဆိုတာကလဲ လူငယ်အများစု အလုပ်လုပ် တဲ့ ကဏ္ဍဖြစ်တဲ့အခါကျတော့ အများကြီးရိုက်ခက်မှု ရှိတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ကျွန်မတို့က အလုပ်သမားတွေနဲ့ အစည်းဝေးတွေ လုပ်ဖြစ်တယ်။ အခြေအနေသိရတဲ့ဟာက ဘာလဲဆိုတော့ စက်ရုံမှာ လုပ်တဲ့သူတွေကို သူတို့နယ်တွေကို ပြန်ခေါ်တယ်ပေါ့နော်၊ ရပ်ကွက်လူကြီးတွေကနေ နယ်ကိုပြန်ခေါ်တယ်။ ပြီးတော့ မဲနှိုက်ခိုင်းတယ်ပေါ့နော်။ မဲနှိုက်ပြီးတော့ မဲပေါက်တဲ့လူတွေကို စစ်မှုထမ်းရ မယ်ဆိုပြီး ဖိအားပေးပြီးတော့ လုပ်ခိုင်းတာတွေရှိတယ်။ အဲဒီမှာလဲ မသွားချင်ဘူးဆိုရင် ပိုက်ဆံပေးဆိုပြီးတော့ အတင်းတောင်းတာတွေရှိတယ်။
မသွားချင်ဘူးဆိုရင် ပိုက်ဆံပေးရသလို သွားတဲ့သူတွေအတွက်ကိုလဲ သူတို့မိသားစုတွေအတွက်ကို support ပေးတာပေါ့နော်၊ မိသားစုတွေအတွက်ကို ထောက်ပံ့ရမယ်ဆိုပြီးတော့ အခြားမိသားစု တွေ ဆီကို ငွေကြေးကောက်ခံတာတွေ အများကြီးရှိတယ်။ အဲဒီတော့ မတရား ငွေညှစ်ခံရတဲ့ ပြဿနာတွေရော၊ စစ်တပ်ကို အမှုထမ်းရတဲ့ ပြဿနာတွေရော ပြီးတော့ မလုံခြုံမှုပေါ့နော်။ ဒါက မဲနှိုက်တယ် ဆိုတာ သိရသေးတယ်။ ဒါပေမယ့် ဘယ်လိုဖြစ်လဲဆိုတော့ စက်မှုကဏ္ဍတွေမှာပင်လျှင် စစ်တပ်နဲ့ အုပ်ချုပ်ရေးမှုးတွေ ပေါင်းပြီးတော့မှ အလုပ်သမား တန်းလျားတွေကို သွားပြီးတော့ အိုင်ဒီတွေ၊ မှတ်ပုံ တင်တွေစစ် ၁၈ နှစ်ပြည့်ပြီးတဲ့သူတွေ စစ်မှုထမ်းဖို့ခေါ်တဲ့ ကိစ္စတွေလဲ ဖြစ်သွားတယ်ဆိုတာ သတင်းပို့ကြတယ်။
ဆိုတော့ အလုပ်သမားအများစုအနေနဲ့ကတော့ ကျွန်မတို့ကို အဲ့အချိန်က သတင်းပို့တာက သူတို့အနေနဲ့ စစ်တပ်မှာတော့ အမှုမထမ်းဘူး၊ အလုပ်ကနေ ထွက်ပြီးတော့ ရှောင်ပြေးရမယ့် အနေအထားဖြစ် တာ တင်ပြတာတွေရှိတယ်။ အဲ့ဒီတော့ ကျွန်မတို့အနေနဲ့ကလည်း သူတို့တွေ ဘယ်လိုနေရာတွေ အနီးစပ်ဆုံး သွားလို့ရနိုင်မလဲ၊ ဘယ်မှာခိုလှုံလို့ ရသလဲဆိုတဲ့ အချက်အလက်တွေ ကျွန်မတို့ ပြန်ပြီးပံ့ပိုးတယ်ပေါ့။ အဖွဲ့ချုပ်အနေနဲ့ကတော့ အထည်ချုပ်တင် မဟုတ်ပါဘူး။ အခြားကဏ္ဍတွေမှာ ထွက်ခွာဖို့အတွက် အခက်အခဲရှိတဲ့ သူတွေကိုလဲ အထိုက်အလျှောက် ပံ့ပိုးတာတွေ လုပ်ခဲ့ရတယ်။ အထည်ချုပ်ကဏ္ဍမှာဆို အလုပ်သမားအများစုက စစ်မှုထမ်း ဥပဒေကြောင့်မလို့ အလုပ်ထွက်ပြီးတော့မှ သူ့ရွာပြန်တာလည်း မဟုတ်ဘဲ ပုန်းရှောင်ရတဲ့ အနေအထားမျိုးတွေ ဖြစ်သွားတယ်။
ကျွန်မတို့ အဖွဲ့ချုပ်ကလည်း စာရင်းတွေ ကောက်ထားတာတွေ ရှိတယ်ပေါ့နော်။ လူငယ်တွေ ရွေ့ပြောင်းပြီးတော့မှ အခြားနိုင်ငံတွေကို၊ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွာတဲ့ဟာက အရမ်းကိုမှ မြင့်မားနေတယ်။ အရေအတွက် မြင့်မားနေတယ်လို့ ပြောရမယ့် အနေအထားဖြစ်တယ်။ လုပ်သားအင်အား နည်းပါးတဲ့ ပြဿနာကိုတောင်မှပဲ အလုပ်ရှင်တွေက ကြုံတွေ့နေရတယ်။ လုပ်သားရှာလို့ မရဘူးဆိုတဲ့ အင်တာဗျူးတွေပါ ကျွန်မတို့တွေ့ရတဲ့ အနေအထားမျိုး ရှိပါတယ်။
🟥ဧရာဝတီတိုင်းမ်။ ။ အခုဆိုရင် စစ်ကောင်စီက တပ်သားသစ် စုဆောင်းရရှိရေးအတွက် အမျိုးသားတွေအပြင် အမျိုးသမီးတွေပါ စစ်မှုထမ်းဖို့ စာရင်းကောက်ယူမှုတွေ ကြိုတင်လုပ်ဆောင်လာတာကို ကြား သိရတယ်။ စက်ရုံတွေမှာကော ပိုင်ရှင်တွေက ဖိအားပေးပြီး အလုပ်သမားတွေကို စစ်သားအဖြစ် စုဆောင်းတာမျိုးရှိလား။ ဘယ်လိုတွေ ဖြစ်လာဖွယ် ရှိနိုင်မလဲ။
⬛️DKZA ။ ။ စက်ရုံတွေဆီကတော့ ငါတို့ကို ဘယ်လောက်ပေးပါလို့ စစ်တပ်က တောင်းတာမျိုးတော့ မရှိပါဘူး။ သူတို့ တောင်းလို့လည်း မရဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ စက်ရုံတွေက လူလွှတ် လို့မှ မရတာ။ သို့သော် ဘာလုပ်လဲဆိုတော့ အလုပ်သမားတွေရဲ့ အချက်အလက်တွေကို သူတို့(စက်ရုံ)ပေးတယ်။ ဥပမာ-လှိုင်သာယာ စက်မှုဇုန်မှာဆိုရင် အလုပ်သမား ဘယ်လောက်ရှိသလဲ၊ ဘယ် လောက် နေကြသလဲ၊ အသက်ရွယ်တွေ ဘယ်လောက်လဲ စသဖြင့် ဒီဟာတွေကို စစ်တပ်က အလုပ်သမားတွေရဲ့ အချက်အလက်ကို စက်ရုံတွေကတဆင့် ကောက်ခံရသွားတယ်။
တစ်ဖက်မှာလည်း သူတို့တွေက ကျေးရွာ/ရပ်ကွက်တွေမှာ ကောက်တယ်ပေါ့နော်။ ဒါကြောင့်မို့လို့ အလုပ်သမားတွေရဲ့ အချက်အလက်ကတော့ စစ်တပ်ဆီကိုရောက်တဲ့ အနေအထားဖြစ်တယ်။ အကုန် လုံးကတော့ စက်ရုံကနေ ပို့တာမဟုတ်ပေမယ့် သူတို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတဆင့်၊ စစ်တပ်နဲ့ရဲ ပူးပေါင်းပြီးတော့ လာစစ်တဲ့ စစ်ဆေးရေး အဖွဲ့တွေကနေတဆင့် စစ်သားအဖြစ် စုဆောင်းခံ နေရတဲ့ အနေအထားမျိုးတွေ ဖြစ်ပါတယ်။
🟥ဧရာဝတီတိုင်းမ်။ ။ နောက်ပြီး လက်ရှိအထိ စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံ တကာက ဆောင်ရွက်နေမှုအပေါ် အားမလိုအားမရ ဖြစ်နေကြတာကိုလည်း တွေ့မြင်နေရလို့ ဘာတွေက အဟန့်အတား ဖြစ်နေတယ်လို့ ယူဆမိပါသလဲ။
⬛️DKZA ။ ။ ကျွန်မတို့ နိုင်ငံတကာ အစိုးရတွေနဲ့ လိုက်တွေ့တဲ့အခါမှာ သူတို့ရဲ့ စိတ်ပူပန်မှုကတော့ စီပွားရေး ပိတ်ဆို့မှုကိုလုပ်ရင် လုပ်ငန်းတွေ ပြည်ပထွက်ခွာရတယ်ပေါ့နော်။ အလုပ်သမားတွေ အလုပ်ပြုတ်သွားမယ်တို့ ဖြစ်တယ်။ သူတို့တွေ ပြည်တွင်းမှာ ဘာဖြစ်နေတယ်ဆိုတဲ့ အချက်အလက်တွေ ရမနေဘူး၊ ဥပမာ- မြန်မာပြည်မှာရှိတဲ့ EU ကိုယ်စားလှယ်အဖွဲ့ဆိုရင် စီးပွားရေးလုပ်ငန်းတွေ ပြည်တွင်းထဲမှာ အလုပ်လုပ်ဖို့ဆိုတာကို သူတို့က တက်တက်ကြွကြွနဲ့ကို လော်ဘီလိုက်လုပ်နေတယ်။ အဲဒီတော့ EU ကိုယ်တိုင်က Made In Myanmar ဆိုပြီးတော့ ပလောဂျက်တစ်ခုကို ပေးထား တယ်။ မြန်မာပြည်ကို ပေးထားပြီးတော့ လော်ဘီတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတယ်။
အဲဒါဘာလည်းဆိုတော့ အထည်ချုပ်ကဏ္ဍမှာ တင့်သင့်ကောင်းမွန်တဲ့ လုပ်ငန်းများ ဖော်ထုတ်ရေးဆိုပြီး ယူရို ၃ သန်း ပရော့ဂျက်ပေါ့နော်။ အဲဒါကို ယူရိုအလုပ်ရှင်အဖွဲ့ချုပ်ကနေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီယူရို ၃ သန်း ပရော့ဂျက်မှာဆိုရင် လော်ဘီလုပ်ဖို့ ခေါင်းစဉ်ပါတယ်။ ဒီဟာနဲ့ လော်ဘီတွေတောင် လိုက်လုပ်နေကြတယ်။ သူတို့ပြောတာကတော့ အလုပ်သမားတွေ အလုပ်အကိုင် ရရှိရေးပေါ့နော်။ အလုပ်ရှင်တွေရှိမှ အလုပ်သမားရှိမယ်။ သူတို့သည် ကျင့်ဝတ်နဲ့ ညီတယ်၊ အလုပ်သမား အခွင့်အရေးတွေ ကာကွယ်ပေးနိုင်တယ်လို့တော့ သူတို့ကတော့ ပြောတာပေါ့။ ဒါပေမယ့် ကျွန်မတို့ မြေပြင်အခြေ အနေကရှင်းတယ်လေ၊ သူတို့ မကာကွယ်ပေးနိုင်ဘူး။
ကျွန်မတို့မှာ အထောက်အထားတွေ အများကြီးပါ။ Brand တွေကတော့ အလုပ်ပေးဖို့ဆိုပြီး လော်ဘီလိုက်လုပ်တယ်။ EU အစိုးရတွေကလည်း သူတို့ပြောတာကို ယုံတယ်။ မြန်မာပြည်မှာ စီးပွားရေး လုပ်ငန်းတွေ ရှိခြင်းအားဖြင့် အလုပ်သမားတွေ အလုပ်အကိုင်ရှိတယ် ဆိုတဲ့ဟာရှိတော့ သူတို့က(EU အစိုးရ)တွေက ဆန်ရှင်မလုပ်ချင်ဘူး။ နောက်တစ်ခုကကျတော့ သူတို့တွေ (အလုပ်ရှင်) အကုန် ထွက်သွားလို့ရှိရင် EU အနေနဲ့ မြန်မာစစ်တပ်နဲ့ ဘယ်လိုစကားပြောမလဲ၊ လမ်းကြောင်းပေါ့နော်။ မရှိတော့မှာကို သူတို့ စိတ်ပူတယ်။
🟥ဧရာဝတီတိုင်းမ်။ ။ ကျွန်တော် မေးမြန်းဖို့ ကျန်ခဲ့တဲ့အချက်အချို့ ရှိကောင်းရှိနိုင်ပါတယ်။ ဒေါ်ခိုင်ဇာအောင်အနေနဲ့ ဖြည့်စွက်ပြီး ပြောလိုတာရှိရင် ပြောပေးပါဦး။
⬛️DKZA ။ ။ ကျွန်မနောက်ဆုံး ထပ်ဖြည့်ပြောချင်တာက ကျွန်မတို့ တော်လှန်ရေးက ပြည်တွင်းခုခံစစ်ဟာ အားကောင်းနေဆဲဖြစ်တယ်။ ပြည်ပမှာ လိုအပ်တဲ့ အပြည်ပြည်ဆိုင်ရာ ဖိအားပေါ့နော်။ ဆန် ရှင်တွေ လုပ်တဲ့ဟာက လက်ရှိမှာ ကျွန်မတို့ လိုအပ်သလောက် ရမနေပေမယ့် ကျွန်မတို့ လိုအပ်သလောက် ဖိအားကို အပြည်ပြည်ဆိုင်ရာကနေ ရနိုင်တဲ့ လမ်းကြောင်းပေါ်မှာတော့ ကျွန်မတို့ရှိတယ်။
ဒါကြောင့်မို့လို့ ပြည်တွင်းက တော်လှန်ရေး တိုက်ပွဲဝင်နေတဲ့ ညီအစ်ကို မောင်နှမတွေ၊ အလုပ်သမားတွေကို ကျွန်မပြောချင်တာက အားမလျော့ပါနဲ့ ဒီတော်လှန်တိုက်ပွဲကို ဆက်လက်ပြီးတော့ တိုက်ပွဲ ဝင်ကြပါ။ အလုပ်သမားတွေလည်း ကျွန်မတို့ အဖွဲ့ချုပ်တွေနဲ့ ပူးပေါင်းပြီးတော့ ဆက်လက်ဆောင်ရွက်ပါ။ မကြာခင် ကျွန်မတို့ စစ်အာဏာရှင်ကို ဖယ်ရှားပြီးတော့မှ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်တစ် ခုကို တည်ထောင်မယ်။ အားလုံးအတွက် ကောင်းမွန်တဲ့၊ အခွင့်အရေး အပြည့်အဝရှိတဲ့ နိုင်ငံတော်သစ်ကို အတူတကွ တည်ဆောက်သွားနိုင်မယ် ဆိုတာကို ပြောကြားရင်းနဲ့ နိဂုံးချုပ်ပါတယ်။
🟥ဧရာဝတီတိုင်းမ်။ ။ အခုလို အချိန်ပေး ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။
⬛️DKZA ။ ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။
#နော်ဝေနိုင်ငံအလုပ်သမားသမဂ္ဂ #နိုင်ငံတကာအလုပ်သမားသမဂ္ဂအခွင့်အရေးဆု #ဒေါ်ခိုင်ဇာအောင် #အမျိုးသမီးကဏ္ဍ #အင်တာဗျုး #Ayeyarwaddy_Times
(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက် အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင်နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက်ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)