ဧရာဝတီတိုင်းမ်
ဇွန် ၂၅ ရက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်းနှင့် မန္တလေး-မိုးကုတ်ကားလမ်း အနီးတဝိုက်တွင် စစ်ကောင် စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း သိရသည်။

ယနေ့ ဇွန် ၂၅ ရက်နေ့ နံနက် ၄ နာရီခန့်က စတင်၍ စစ်ကောင်စီ၏ တပ်စခန်းများရှိရာ မတ္တရာအရှေ့ခြမ်းကို TNLA နှင့် MDY-PDF တို့ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီသည် မန္တလေးမြို့မှ စစ်ကားအစီးရေ ၂၀ ကျော်ဖြင့် အင်အားဖြည့်တင်းမှုများ လုပ်ဆောင်လျှက်ရှိကြောင်း ဒေသခံများထံက သိရသည်။

“စစ်ကားတွေတက်သွားတာ အစီး ၂၀ ကျော်တယ်။ စစ်သားတွေအပြည့်ပဲ။ မတ္တရာဘက်ကို တက်သွား ကြတယ်။ မန္တလေးကိုတော့ လုံးဝအထိခံမှာ မဟုတ်ဘူး။ သူတို့စစ်သားပြုန်းတီးတာ မပြုန်းတီးတာထက် သူတို့ဂုဏ်သိက္ခာကို အထိခံမှာ မဟုတ်ဘူး။ အင်အားအလွန်အကျွံသုံးပြီး မတ္တရာကို ကာကွယ်နေတာ”ဟု မန္တလေးမြို့နေ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် တံတားဦးလေတပ်မှနေ၍ တိုက်ပွဲဖြစ်ပွားရာနေရာသို့ လေကြောင်းတိုက်ခိုက် မှုများ ဆက်တိုက် ပြုလုပ်နေကြောင်း သိရသည်။

မတ္တရာမြို့နယ်ရှိ အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေးတပ် (လကတ-၁၀၁၄) ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း မတ္တရာမြို့နယ် အရှေ့ခြမ်းကို အင်အားထောင်နှင့်ချီကာ ပို့ဆောင်ခုခံနေကြောင်း သိရသည်။

“အင်ကြင်းမြိုင် လကတ ၁၀၁၄ ကို လက်ရှိတိုက်နေတုန်းပါ။ သတင်းထုတ်ပြန်မှာပါ”ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

မတ္တရာမြို့နယ်ရှိ စစ်ကောင်စီတပ်များ ဆုတ်ခွာပေး လိုက်ရပါက တော်လှန်ရေး ပူးပေါင်းတပ်များ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်တည်ရှိရာ မန္တလေးမြို့သို့ဆင်း လာမည်ကို စိုးရိမ်ရ၍ စစ်ကောင်စီက မတ္တရာမြို့ကိုထိန်းချုပ်နိုင်ရန် အပြင်းအထန် ကြိုးပမ်းလျှက်ရှိကြောင်း သိရသည်။

“မနက်ကတည်းက ကျောင်းလာတဲ့ ကျောင်းသားတွေကို အကုန်ပြန်လွှတ်နေပြီး ဌာနဆိုင်ရာဝန်ထမ်းတွေလည်း ရုံးကိုမလာနိုင်ဘူး။ ရုံးတွေရော၊ ကျောင်းတွေ ရော အကုန်ပိတ်ထားတယ်။ စစ်တပ်က မြို့အနီးမှာရှိတဲ့ တပ်တွေကိုအကုန်လိုက်စုပြီး အပြင်းအထန်ခုခံနေတယ်”ဟု မတ္တရာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် မတ္တရာမြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်များသည် မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ စစ်ကူသွားသည့် တပ်များကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်၍ တိုက်ခိုက်နေပြီး ထိတွေ့တိုက်ပွဲ သုံးနေရာထက်မနည်း ဖြစ်ပွားနေကြောင်း သိရသည်။

ယနေ့ ဇွန် ၂၅ ရက်နေ့ တစ်ရက်တည်းတွင်ပင် ရှမ်းမြောက်ရှိ ကျောက်မဲ၊ နောင်ချိုတို့တွင် ညီနောင်မဟာမိတ်ဖွဲ့နှင့် MDY-PDF အဖွဲ့တို့ စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ယမန်နေ့ကလည်း လားရှိုးနှင့် မိုင်းယော်ကြားရှိ ပိန်းခမ်းရွာအနီးတွင် စစ်ကောင်စီ၏ ခလရ ၁၁ ၅ နှင့် ကိုးကန့်တပ်မတော် (MNDAA)တို့ ထိတွေ‌တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပုံစာ- MDY-PDF နှင့် TNLA တပ်ဖွဲ့ဝင်များ
#မန္တလေး #မတ္တရာ #MDYPDF #TNLA #ပူးပေါင်းတပ် #စစ်ကောင်စီတိုက်ပွဲ #Ayeyarwaddy_Times