ဧရာဝတီတိုင်းမ်
ဇွန် ၂၅ရက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ခမရ ၅၆၆တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အာရက္ခတပ်‌မတော် (AA) ၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် စခန်းစွန့်ခွာ ထွက်ပြေး သွားကြောင်း သိရသည်။

စစ်ကောင်စီ၏ ခမရ-၅၆၆ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည့် AA ၏ ထိုးစစ်ကို ခုခံနိုင်ခြင်းမရှိတော့၍ ယမန်နေ့ ဇွန် ၂၄ရက်နေ့တွင် တပ်ရင်းကို စွန့်ခွာကာ ခလရ ၅၅တပ် အတွင်းသွားရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။

အာရက္ခတပ်တော် (AA) အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များကို လက်နက်ချရန်နှင့် လက်နက်မချပါက ဆက်လက်တိုက်ခိုက်မည်ဟု လော်စပီကာနှင့် အော်ဟစ်သတိပေးကြောင်း သံတွဲ့မြို့ ဒေသခံအချို့ထံက သိရသည်။

ပြီးခဲ့သည့် ဇွန် ၁၉ရက်နေ့ကစတင်၍ စစ်ကောင်စီ၏ ခမရ-၅၆၆ ရှိရာ တပ်ရင်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီသည် သံတွဲလေဆိပ်မှနေ၍ လေကြောင်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒရုန်းဗုံးကြဲချခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတွဲလေဆိပ်ရှိ စစ်ကောင်စီတပ်များကို AA က ပြီးခဲ့သည့် ဇွန် ၂၃ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လေဆိပ်ကို ထိန်းချုပ်နိုင်ခဲ့သည်။

လေဆိပ်အတွင်း ပုန်းခိုနေထိုင်နေသည့် ရဲနှင့် မိသားစုဝင် ၁၅၀ခန့် ကို AAက ဖမ်းဆီးထိန်းသိမ်းထားပြီး လက်နက်မချသေးသည့် တပ်ဖွဲ့ဝင်အချို့ကို တိုက်ခိုက်နေ ကြောင်း ရခိုင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“တပ်မ ၁၀၁ တပ်မမှူးနဲ့အဖွဲ့ လေဆိပ်ထဲမှာ လက်နက်မချသေးဘဲ ပုန်းခိုနေတယ် ပြောတယ်။ လေဆိပ်ကတော့ AAက ထိန်းချုပ်တဲ့အဆင့်ပါ” ဟု ရခိုင်စစ်ရေးသတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် AAက သံတွဲမြို့အတွင်း ကျန်ရှိနေသည့် တပ်စခန်းများနှင့် ခလရ -၅၅ ကိုပါတိုက်ခိုက်နေကြောင်း သိရသည်။

AA သည် သံတွဲမြို့ပေါ်သို့ တိုက်ပွဲများ ရောက်လာနိုင်သည့်အတွက် သံတွဲမြို့ခံများကို ပြီးခဲ့သည့် ဇွန် ၂၀ရက်နေ့ ကတည်းက ဘေးလွတ်ရာသို့ပြောင်းရွှေ့ရန် အသိပေး ထားသည်။

ပုံစာ-AA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)
#သံတွဲ #စစ်ကောင်စီ #ခမရ၅၆၆ #စခန်းစွန့်ခွာထွက်ပြေး #AA #Ayeyarwaddy_Times