
ဧရာဝတီတိုင်းမ်
ဇွန် ၂၅ ရက်
ကျိုက်မရောထောင် မှ ဒိုက်ဦးထောင်သို့ ထောင် ပြောင်းရွှေ့ခဲ့သည့် နိုင်ငံရေး အကျဉ်းသူများကို ဒိုက်ဦးထောင်ဝန်ထမ်း အမျိုးသားများက ဒဏ်ရာအပြင်းအထန် ရသည်အထိ အကြမ်းဖက်ကာ တိုက်ပိတ်ထားမှု အပေါ်နိုင်ငံရေး အကျဉ်းသား အရေးဆောင်ရွက်နေသည့်အဖွဲ့အစည်းရှစ်ခုက ၎င်းတို့၏ သဘောထားတောင်းဆိုချက် ကို ယနေ့ ဇွန် ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အကျဉ်းထောင်ဝန်ထမ်း အမျိုးသားများ၏ အုတ်ခဲဖြင့်ပစ်ပေါက်မှု၊ လေးဂွများဖြင့် ပစ်ခြင်းစသည့် ဥပဒေမဲ့ အကြမ်းဖက်မှုများကြောင့် ထောင်ပြောင်းရွှေ့လာသည့် နိုင်ငံရေးအကျဉ်းသူ ၃၀ ကျော်မှာ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ယခုအချိန်ထိ ဆေးဝါးကုသမှု ရရှိခြင်းမရှိဘဲ တိုက်ပိတ်ခြင်းခံထားရကြောင်း သိရသည်။
“ဆေးဝါးကုသမှုပေးတယ်ဆိုတဲ့ စကားမသုံးစွဲလို့ရအောင် သူတို့(စစ်ကောင်စီ)က အမျိုးသမီးတွေကိုပိတ်ထားတဲ့တိုက်ကို ဟန်ပြလာရောက်ကြည့်ရှုတာကိုတွေ့ရပါတယ်။ အပြင်းအထန်ဒဏ်ရာရခဲ့တဲ့သူတွေကိုလည်း လုံလောက်တဲ့ဆေးဝါးကုသမှု အခုချိန်ထိ မပေးသေးပါဘူး” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ထိုသို့ ထောင်ပြောင်းရွှေ့ခံရသည့် နိုင်ငံ ရေးအကျဉ်းသူများကို ဥပဒေမဲ့ အကြမ်းဖက် လုပ်ဆောင်နေမှုကို ရပ်တန့်ရန်၊ ထောင်ဝင်စာပါဆယ်များကိုလက်ခံရန်နှင့် ထောင်ဝင်စာဧည့်တွေ့ခွင့် ပြန်လည်ရရှိရန်၊ တိုက်ပိတ်ခံထားရသည့် နိုင်ငံရေး အကျဉ်းသူများကို တိုက်ထဲမှအမြန်ဆုံး ထုတ်ပေးရန် တို့ကိုလည်း ရေးအကျဉ်းသား အရေးဆောင်ရွက်နေသည့်အဖွဲ့အစည်းများက တောင်းဆိုထားသည်။
ထို့ပြင် ဒဏ်ရာရရှိခဲ့သူများကို ကျန်းမာရေးစောင့်ရှောက်မှုများ အမြန်ဆုံးပေးရန်၊ ထောင်ပြောင်းရွှေ့စဉ်လုပ်ကြံ၍ ပုဒ်မအမျိုးမျိုးတပ်ကာ ထပ်တိုးစွဲဆိုထားသည့် အမှုများအားလုံးပိတ်သိမ်းရန်၊ သိမ်းဆည်းထားသည့် အကျဉ်းသူများ၏ ပစ္စည်းများကို ပြန်လည်ပေးအပ်ရန်လည်း တောင်းဆိုထား ကြောင်း သိရသည်။
“အခုက ပိုဆိုးရွားစွာနဲ့ နိုင်ငံရေးအကျဉ်းသူအမျိုးသမီးတွေအပေါ်မှာပါ ၀န်ထမ်း အမျိုးသားတွေက ဆိုးဆိုးရွားရွား ညှင်းပန်းနှိပ်စက်ရိုက်နှက်မှုတွေပေါ့နော်။ ထိခိုက် ဒဏ်ရာရအောင် အသက်အန္တရာယ်စိုးရိမ်ရလောက်အောင်ထိကို ရိုက်နှက်ခဲ့တဲ့ ဖြစ်စဉ်ကို ကျွန်တော်တို့ နိုင်ငံရေး အကျဉ်းသားလှုပ်ရှားနေတဲ့လူတွေက တညီတညွတ်တည်း ၀န်းရံနေတယ်။ နိုင်ငံတကာမှာရှိနေတဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ အနေနဲ့လည်း မြန်မာပြည်မှာ ဖြစ်နေတဲ့ ကိစ္စကိုသိဖို့အတွက် စုပေါင်းပြီးမှ ကြိုးစားတဲ့ ထုတ်ပြန်ချက်တစ်ခုဖြစ်ပါတယ်။ နိုင်ငံတကာကိုလည်း ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်ဖို့ ဝိုင်း၀န်းတောင်းဆိုတဲ့ သဘောဖြစ်ပါတယ်ဗျ” ဟု ကိုသိုက်ထွန်းဦးက ဆက်လက်ပြောသည်။
စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနအနေဖြင့် တောင်းဆိုချက်များကို လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ အားလုံးနှင့် ချိတ်ဆက်ကာ အရေးယူနိုင်ရန် အရှိန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တောင်းဆိုချက်များကို ပူးတွဲသဘောထားထုတ်ပြန်သည့် အဖွဲ့အစည်းများမှာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၊ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ (FPPS)၊ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM)၊ နိုင်ငံရေးအကျဉ်းသူများအဖွဲ့(WOPP)၊ ထောင်ဝင်စာပို့ကြမယ်၊ နွေဦးတမန် နိုင်ကျဉ်းကူညီထောက်ပံ့ရေးအဖွဲ့၊ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA)၊ Eat My Heart အဖွဲ့တို့ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – ဒိုက်ဦးထောင်
#ဒိုက်ဦးထောင် #စစ်ကောင်စီ #အကြမ်းဖက် #နိုင်ငံရေးအကျဉ်းသူ #တိုက်ပိတ်ခံရ #Ayeyarwaddy_Times