
ဧရာဝတီတိုင်းမ်
ဇွန် ၂၅ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အပါဝင် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တို့တွင် အဓိက အခြေခံစားသောက်ကုန် ပစ္စည်းများ ဝယ်ယူတင်သွင်းသည့် ပလက်ဝ-လောက်တလိုင် လမ်းကြောင်းအားလုံးကို မီဇိုရမ်ဘက်မှ အကန့်သတ်မရှိ ပိတ်ပင်လိုက်ကြောင်း ယမန်နေ့ ဇွန်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
ချင်းပြည်နယ်တွင် ဖြစ်ပွားသည့် ချင်းညီအစ်ကို လက်နက်ကိုင်တပ်ဖွဲ့နှင့် အာရက္ခတပ်တော်(AA)တို့အကြား ပစ်ခတ်မှုများ ရပ်တန့်ခြင်း မရှိသောကြောင့် ပလက်ဝ-လောက်တလိုင် ကုန်သွယ်ရေး လမ်းကြောင်းအားလုံးကို ပိတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း မီဇိုရမ်ပြည်အခြေစိုက် အရပ်ဖက်အဖွဲ့စည်းဖြစ်သည့် ဗဟိုလိုင်လူငယ်အဖွဲ့စည်း (CYLA)က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
မီဇိုရမ်ပြည်နယ်မှ အခြေခံစားသောက်ကုန်များ တင်သွင်းခြင်းသည် ရခိုင်ပြည်သူများ စားဝတ်နေရေး ဖူလုံရန်အတွက်ဟု ထင်ခဲ့သော်လည်း ကျွန်တော်တို့ ချင်းညီအကိုများနှင့် ပစ်ခတ်သည့်နေရာများတွင် အသုံးပြုရန်နှင့် ၎င်းတို့၏ အင်အားကောင်းမွန်လာစေရန်လုပ်ဆောင်နေခြင်းများ တွေ့ရှိရသောကြောင့် ယခုကဲ့သို့ ပိတ်ပင်ရခြင်းဖြစ်သည်ဟုဆိုသည်။
အဆိုပါ ကိစ္စရပ်များနှင့် ပက်သက်ပြီး CYLA အနေဖြင့် အာရက္ခတပ်တော် (AA) ကို ချင်းညီအကိုများနှင့် အပစ်အခတ်များ ရပ်တန့်ပေးရန် အကြိမ်ကြိမ် တိုက်တွန်းခဲ့သော်လည်း တုန့်ပြန်မှုမရကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်ကောင်စီက ပြည်မနှင့် ဆက်သွယ်ထားသည့် လမ်းကြောင်းအားလုံးကို ပိတ်ထားသည့်အတွက် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တို့သည် ပလက်ဝ-လောက်တလိုင် ကုန်သွယ်ရေးလမ်းကြောင်းကို အသုံးပြုပြီး အခြေခံစားသောက်ကုန်ပစ္စည်းများကို ဝယ်ယူတင်သွင်းနေခြင်း ဖြစ်သည်။
“ပလက်ဝ-လောက်တလိုင် ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်လိုက်ပြီဆို အဓိက ထိခိုက်နစ်နာမှာက ကျွန်တော်တို့ ရခိုင်ပြည်နယ်က ဒေသခံပြည်သူတွေပေါ့။ အခုဆို မီဇိုရမ်ပြည်နယ်က အခြေခံစားသောက်ကုန်တွေ တင်သွင်းရလို့ ဒေသတွင်းမှာ အခြေခံစားသောက်ကုန်တွေ ကုန်စျေးနှုန်းမြင့်တက်ပေမယ့် မပြတ်ဘူးပေါ့။ လမ်းကြောင်းတွေ ပြန်ပိတ်မယ်ဆို ဒေသတွင်း ကုန်ပစ္စည်းပြတ်ပြီး ပိုက်ဆံရှိလည်း ဝယ်စားလို့မရတဲ့ အခြေနေမျိုးမှာရှိမယ်” ဟု ကျောက်တော်မြို့နယ်က ကုန်သည်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ကုန်သွယ်ရေး လမ်းကြောင်းများမှ တင်သွင်းသည့် အခြေခံစားသောက်ကုန် ပစ္စည်းများကို ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြေပုံ နှင့် ပေါက်တောမြို့နယ်ထိ တင်ပို့ရောင်းချလျက်ရှိကြောင့် ၎င်းက ဆိုသည်။
မီဇိုရမ်ပြည်နယ်မှ အခြေခံစားသောက်ကုန်များဖြစ်သည့် ငရုတ်သီး၊ ဆား၊ ဟင်းချို့မှုန့်၊ မုန့်မျိုးစုံနှင့် စားသုံးဆီအပါဝင် လောင်စာဆီများကိုလည်း ဝယ်ယူတင်သွင်းလျက်ရှိကြောင့် ပလက်ဝမြို့နယ် ဒေသခံများထံက သိရှိရသည်။
“ပလက်ဝ-လောက်တလိုင် ကုန်သွယ်ရေး လမ်းကြောင်းကနေ တစ်နေ့ကို ကုန်ပစ္စည်းအဝင် ဟွန်ဒါစက်လှေ အစီးရေ ၄၀ အထက်မှာ ရှိတယ်။ အခုဆို ကုန်းလမ်းကနေလည်း ကားနဲ့ ကုန်ပစ္စည်းအဝင်တွေရှိတယ်။ အများစုက ရခိုင်ကနေ ကုန်သည်တွေပါ။ အဲ့ဒီကုန်သွယ်ရေးလမ်းကြောင်း အရမ်းကို စည်းကားတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုလိုပါဘဲ။ ပြန်ပိတ်မယ်ဆိုတဲ့ သတင်းလည်း မကြားတဲ့သူတွေလည်းရှိသေးတယ်။ ပြီးတော့ လောင်တလိုင်မှာလည်း ဝယ်ထားတဲ့ ကုန်ပစ္စည်းတွေလည်း အများကြီးကျန်သေးတယ်။ ပိတ်မိနေတာပေါ့နော်။ အခုပြန်ထုတ်ဖို့လည်း မရတော့ဘူး။”ဟု ပလက်ဝမြို့နယ်ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ကုန်သွယ်ရေး လမ်းကြောင်းကို ဗဟိုလိုင်လူငယ်(CYLA)အဖွဲ့စည်းနှင့် အာရက္ခတပ်တော်(AA)တို့ တွေ့ဆုံညှိနှိုင်းပြီးမှ ပြီးခဲ့သည့် မေလတွင် တရားဝင် ပြန်လည်ဖွင့်ထားခြင်းဖြစ်သည်။
ထို့အပြင် စစ်ဘေးရှောင်မဟုတ်သည့် ရခိုင်လက်နက်ကိုင်အဖွဲ့စည်းသည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောက်တလိုင်ခရိုင်တွင် ဝင်ရောက်လှုပ်ရှားနေပြီး CYLA အဖွဲ့သားများအနေဖြင့် အဆိုပါကိစ္စကို စီစစ်တွေ့ရှိပါက ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားကာ CYLA ထံ သတင်းပေးပို့ရန် ညွန့်ကြားထားသည်။
Central Young Lai Association (CYLA) အဖွဲ့စည်းသည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အခြေစိုက် အရပ်ဘက် လူငယ်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဒေသတွင်း သြဇာအာဏာရှိသည့် လူမှုအဖွဲ့အစည်း တစ်ခုလည်း ဖြစ်သည်။
#ပလက်ဝ #မီဇိုရမ် #လမ်းကြောင်းအားလုံးကို #မီဇိုရမ်ဘက်မှ #ရက်အကန့်သတ်မရှိ ပိတ်ပင် #Ayeyarwaddy_Times