ဧရာဝတီတိုင်းမ်
ဇွန် ၂၅ ရက်

စစ်ကောင်စီက ဆန်စပါးနှင့် ပတ်သက်၍ တင်းကျပ်ထားကာ ယနေ့ ဇွန် ၂၅ ရက်နေ့တွင် ဆန်စပါးသိုလှောင်မှုနှင့်ပတ်သက်ပြီး မှတ်ပုံတင်ရန်အတွက် သုံးကြိမ်မြောက် သတိပေးထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စတင်ထုတ်ပြန်ခြင်းဖြစ်ကာ ယခုနှစ် မေ ၉ ရက်နေ့တွင် ဒုတိယတစ်ကြိမ်သတိပေးပြီး ယနေ့တွင် ထပ်မံသတိပေးထုတ်ပြန်သည်။

ဆန်ရောင်းဝယ်သူစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆန်တန်ချိန် ၅၀ ( ဆန်အိတ် ၁၀၀၀) အပါအဝင် စပါးတင်း ၅၀၀၀နှင့်အထက်သိုလှောင်ရုံပိုင်ရှင်များက Myanmar Rice Online (MyRo)-www.myro.com.mmတွင် မဖြစ်မနေ မှတ်ပုံတင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထို့ပြင် ပြည်တွင်းဆန်စပါးဖူလုံရန်၊ ပြည်ပသို့ စနစ်တကျတင်ပို့ရောင်းချနိုင်ရန်၊ ဆန်စပါး စျေးကွက်နှင့် စျေးနှုန်းတည်ငြိမ်မှန်ကန်စေရေးအပါအဝင် ဆန်စပါးသိုလှောင်မှု အခြေအနေများကို စနစ်တကျ စာရင်းပြုစုမှတ်ပုံတင်ထားနိုင်ရန်နှင့် ငွေကြေး ထောက်ပံ့မှုစနစ်ကို ဖော်ဆောင်နိုင်ရေးတို့အတွက်ပါဝင်ကြောင်းသိရသည်။

စစ်ကောင်စီက ဆန်ဈေးကိုထိန်းချုပ်ထားသဖြင့် ရန်ကုန်မြို့ရှိဈေး‌ဝယ်စင်တာများတွင် ဆန်ကိုလွတ် လပ်စွာရောင်းချနိုင်ခြင်းမရှိဘဲ ကုန်စည်များသိမ်းဆည်းထားကြောင်း သိရသည်။

အဆိုပါ Myanmar Rice Online (MyRo) တွင် မှတ်ပုံတင်ထားသော ကုမ္ပဏီများ၏ သိုလှောင်ရုံအရေ အတွက် ၂၁၃ လုံး၊ တစ်ဦးချင်းလုပ်ငန်းရှင်များ၏ သိုလှောင်ရုံ ၅၁၃ လုံး၊ စုစုပေါင်း သိုလှောင်ရုံ အရေအတွက် ၇၂၆ လုံး ယခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့အထိစာရင်းများအရ သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်၊ ဧရာဝတီတိုင်းမ်
#ဆန်သိုလှောင်မှု #စစ်ကောင်စီထပ်မံတင်းကျပ် #မှတ်ပုံတင်ရန် #စျေးဝယ်စင်တာများ #ကုန်စည်များသိမ်းဆည်း #Ayeyarwaddy_Times