ဧရာဝတီတိုင်းမ်
ဇွန် ၂၅ ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် တော်လှန်ရေးအဖွဲ့အား ငွေကြေးထောက်ပံ့မှုနှင့် VPN ဆော့ဝဲလ်အသုံးပြုသည်ဟုဆိုပြီး လျှပ်စစ်ပစ္စည်းအရောင်းဝန်ထမ်း အမျိုးသမီးတစ်ဦးအား အကြမ်းဖက်ပုဒ်မဖြင့်အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

ရေကြည်မြို့ မြို့မဈေးအတွင်းရှိအသက်(၂၃)နှစ်အရွယ် လျှပ်စစ်ပစ္စည်းအရောင်းဆိုင် ဝန်ထမ်းအမျိုးသမီးတစ်ဦးအား တော်လှန်ရေးအင်အားစုများအား ငွေကျပ်တစ်သောင်း ထောက်ပံ့မှု၊ လက်ကိုင်ဖုန်းအတွင်းVPN ဆော့ဝဲလ်တွေ့ရှိသည်ဟု အကြောင်းပြကာ စစ်ကောင်စီတပ်နှင့်ရဲအဖွဲ့မှ ပြီးခဲ့သည့်ဇွန်လ ၂၀ရက်နေ့က ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း နီးစပ်သူများထံက သိရသည်။

“စစ်တပ်နဲ့ ရဲတွေဆိုင်မှာပဲလာဖမ်းသွားတာငါးရက်ရှိနေပြီ။ မြို့မဈေးကလျှပ်စစ်အရောင်းဆိုင်မှာ အရောင်းဝန်ထမ်းလုပ်နေတာမကြာသေးဘူး။ ဖုန်းထဲကkpay
နံပါတ်တိုက်စစ်ရင်းလာဖမ်းတာတဲ့။ PDF အဖွဲ့ကိုတစ်သောင်းထောက်ပံ့တာနဲ့လာဖမ်းတဲ့အချိန် VPN ဆော့ဝဲလ်ဖုန်းထဲမှာတွေ့တယ်ပေါ့။အဖမ်းခံရတုန်းကအဆက်အသွယ်ပြတ်သွားတယ်။ ဒီနေ့မနက်ကမှ ရဲစခန်းကနေဖုန်းဆက်လာတာ။ အကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်လိုက်ပြီ။ လာတွေ့ချင်ရင်ရဲစခန်းကိုလာလို့ရတယ်။အဲ့တာပဲပြောသွားတယ်”ဟု ဖမ်းခံရသူ၏ မိသားစုနှင့် နီးစပ်သူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ရေကြည်မြို့တွင်း၌ ပြီးခဲ့သည့်ဇွန်လ ၂၀ရက်မှ ၂၅
ရက်နေ့အထိ လက်ကိုင်ဖုန်းအတွင်း VPNဆော့ဝဲလ်အသုံးပြုသည်ဟုဆိုကာ မြို့ခံအမျိုးသား(၁၀)ဦးနှင့်အမျိုးသမီးငါးဦး စုစုပေါင်း၁၅ဦးထက်မနည်းကို စစ်ကောင်စီကဖမ်းဆီးခဲ့ပြီး တစ်ဦးလျှင်ငွေ သုံးသောင်း ကျပ် မှ ငွေ တစ်သိန်းကျပ်ကြား တောင်းယူခဲ့ကြောင်းကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် မြို့ခံများကဆိုသည်။

“ဖုန်းတွေတအားစစ်တယ်။VPN တွေပိုစစ်တာ။ နောက်ပြီး ပန်းပန်တဲ့ပုံတို့၊ တော်လှန်ရေးသတင်းတွေရှဲတာတွေ့ရင် ဖုန်းကိုအတင်းသိမ်းတာ။ ပြန်လွှတ်ချင်ရင် သုံးသောင်းပေးတစ်သိန်းပေးအတောင်းခံရတယ်။ မပေးရင်လည်းစစ်မှုထမ်းထဲအပါခံမလားခြိမ်းခြောက်ခံရလို့ မပေးချင်လည်းပေးခဲ့ရတယ်”ဟု ကိုယ်တိုင်
ကြုံတွေ့ ခဲ့ရသည့် ရေကြည်မြို့ခံလူငယ်အမျိုးသားတစ်ဦးက ဆိုသည်။

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် ဇွန်လတတိယအပတ်အတွင်း ညောင်တုန်း၊ သာပေါင်း၊ ပုသိမ်၊ မအူပင်၊ ဟင်္သာတ၊ ကျောင်းကုန်း၊ ရေကြည်၊အသုတ်စသောမြို့နယ်များတွင် လက်ကိုင်ဖုန်းအတွင်း VPNဆော့ဝဲလ် အသုံးပြုသည်ဟုအကြောင်းပြ၍ ဖမ်းဆီးခံရသည့် လူငယ်အမျိုးသား ( ၁၅) ဦး နှင့် အမျိုးသမီး (၁၀)ဦး စုစုပေါင်း ၂၅ဦးရှိသည့်အနက် ညောင်တုန်းမြို့နယ်ဒေသခံ လူငယ်အမျိုးသားတစ်ဦးမှာစစ်ကောင်စီတပ်၏သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခံရပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်ခံထားရကြောင်းသိရသည်။

#တော်လှန်ရေးအဖွဲ့ #ငွေကြေးထောက်ပံ့ #VPN အသုံးပြု #ရေကြည်မြို့ #အမျိုးသမီးတစ်ဦး #အကြမ်းဖက်ပုဒ်မဖြင့်အမှုဖွင့် #Ayeyarwaddy_Times