ဧရာဝတီတိုင်းမ်
ဇွန် ၂၄ ရက်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် တမူး – ခမ်းပတ် ကားလမ်းကို စစ်ကောင်စီက တစ်နှစ်ကြာ ပိတ်ထားပြီး ဇွန်လ ၂၂ ရက်နေ့ မနက်ပိုင်းမှစ၍ ပြန်လည် ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသခံများထံက သိရှိရသည်။

တမူးမြို့နှင့် ခမ်းပတ်မြို့ကို အဓိက ဆက်သွယ်ထားသည့် ကားလမ်းကို စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လမှစ၍ ဖြတ်သန်းသွားလာခွင့် ပိတ်ထားခြင်းဖြစ်သည်။

စစ်ကောင်စီက ခမ်းပတ် – တမူး ကားလမ်းကို ပြန်လည်ဖွင့်ပေးသော်လည်းခမ်းပတ် – ကလေး ကားလမ်းကို ပြန်လည်ဖွင့်ပေးခြင်း မရှိသေးကြောင့် သိရှိရသည်။

“ခမ်းပတ်နဲ့ တမူး ကားလမ်းက သွားလို့တော့ ရပါပြီ။ ဒါပေမယ့် ခမ်းပတ်နဲ့ ကလေး ကားလမ်းတော့ မဖွင့်ပေးသေးဘူး။ခမ်းပတ်-ကလေး ကားလမ်းလည်း ပြန်ဖွင့်ပေးစေလိုပါတယ်” ဟု ခမ်းပတ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီက ခမ်းပတ် – တမူး ကားလမ်းကို ပြန်လည်ဖွင့်ပေးလိုက်သည့်အတွက် ခမ်းပတ်မြို့တွင် ကုန်စျေးနှုန်းကျဆင်းနိုင်ပြီး ဒေသခံပြည်သူများလည်း ကျန်းမာရေး၊ လူမှုရေးကိစွများအတွက် ပိုအဆင်ပြေကြောင့် ၎င်းကဆိုသည်။

ထို့အပြင် ယင်း ကားလမ်းတစ်လျောက်တွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များ ချထားသောကြောင့် ခရီးသွားပြည်သူများကို ငွေညှစ်ခြင်း၊ ဂိတ်ကြေးများ ကောက်ခံခြင်းတို့ ပြုလုပ်မည်ကို စိုးရိမ်နေကြောင့် ဆိုသည်။

“ခမ်းပတ်က တခြားမြို့တွေထက် ကုန်စျေးနှုန်းမြင့်တယ်။ အခုလမ်းကြောင်းပြန်ဖွင့်ပြီး ပုံမှန်အတိုင်း သွားလာလို့ရရင် ကုန်စျေးနှုန်းတွေ ပြန်ကျနိုင်တယ်။ ဒါပေမယ့် အဲ့ဒီလမ်းတလျောက် စစ်တပ်ဂိတ်ရှိတယ်။ ဂိတ်ကြေး အဆမတန် ကောက်ခံရင် ကုန်စျေးနှုန်းက ကျမှာမဟုတ်ဘူး။ ပြီးတော့ ပြည်သူတွေကိုလည်း ငွေညှစ်တာ၊ ဖမ်းဆီးတာလည်း လုပ်နိုင်တာကြောင့် စိုးရိမ်နေရပါတယ်” ဟု ခမ်းပတ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ခမ်းပတ် – တမူး ကားလမ်းရှိ တမူးမြို့အရောက်တွင် စစ်ကောင်စီ၏ ပန်းသာကျေးရွာ စစ်ဆေးရေးဂိတ်၊ (၄) မိုင် စစ်ဆေးရေးဂိတ်၊ Denko စစ်ဆေးရေးဂိတ်တို့ ရှိကြောင်း သိရှိရသည်။

ခမ်းပတ်မြို့ကို ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)အပါဝင် တော်လှန်ရေးပူးပေါင်းတပ်တို့က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် သိမ်းပိုက်ရရှိထားသည်။

လက်ရှိ တော်လှန်ရေးတပ်ဖွဲ့တို့ သိမ်းပိုက်ရရှိထားသည့် ခမ်းပတ်မြို့တွင် ပြည်သူအုပ်ချုပ်ရေးလုပ်ငန်းများ လည်ပတ်နေပြီဖြစ်ကြောင်းလည်း သိရသည်။

#တစ်နှစ်ကြာပိတ်ထားသည့် #တမူးခမ်းပတ် #ကားလမ်း #စစ်ကောင်စီမှ #ပြန်ဖွင့်ပေး #Ayeyarwaddy_Times