
ဧရာဝတီတိုင်းမ်
ဇွန် ၂၄ ရက်
အီရန်နိုင်ငံတွင် ကျင်းပသည့် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ(ACD) ဆွေးနွေးပွဲကို စစ်ကောင်စီ၏ ဒုတိယဝန်ကြီးချုပ် တက်ရောက်ပြီး အီရန်နိုင်ငံနှင့်အတူ နိုင်ငံတကာ မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ပြောကြားခဲ့သည်။
စစ်ကောင်စီဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ နှင့် လက်ရှိအေစီဒီ ဥက္ကဋ္ဌ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အလီဘာ ဂယ်ရီကာနီတို့သည် ယမန်နေ့ ဇွန် ၂၃ ရက်နေ့က တွေ့ဆုံခဲ့ပြီး ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးသည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက် ခိုင်မာစေရေး၊ အေစီဒီအဖွဲ့တွင်း ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနထံက သိရသည်။
အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ ( ACD) ကို အာရှဒေသ၏ စုပေါင်းစွမ်းအား၊ ကြွယ်ဝသည့်အရင်းအမြစ်များ၊ မတူကွဲပြားမှုနှင့်အခွင့်အလမ်းများကို ဖော်ထုတ်၍ ခိုင်မာအားကောင်းသည့် ဒေသတစ်ခုဖြစ်စေရန် ရည်ရွယ်၍ ဦးစားပေးကဏ္ဍခြောက်ခု ပူးပေါင်းဆောင်ရွက်ရန် ၂၀၀၂ ဇွန်လအတွင်းက ထိုင်းနိုင်ငံတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အာရှဒေသမှ အဖွဲ့ဝင်နိုင်ငံပေါင်း ၃၅ နိုင်ငံ ပါဝင်ပြီး မြန်မာနိုင်ငံသည် အာရှပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ စတင်ဖွဲ့စည်းကတည်းက ပါဝင်ခဲ့သည်။
ဓာတ်ပုံ – MOFA
#အီရန် #တီဟီရန် #အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဆွေးနွေးပွဲ #စစ်ကောင်စီဒုဝန်ကြီးချုပ် #Ayeyarwaddy_Times