
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၂၄ ရက်
မြိတ်ထားဝယ်ခရိုင်(တပ်မဟာ-၄) ရှေ့တန်းနယ်မြေများတွင် တာဝန်ထမ်းဆောင်ပြီး ပြန်လာသည့် ရဲဘော်များအား ကြိုဆိုဂုဏ်ပြုသည့်အခမ်းအနားကို ယနေ့ ဇွန်လ၂၄ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း မြိတ် – ထားဝယ်ခရိုင် ကရင်လူငယ်များအစည်းအရုံး (KYO) ထံက သိရသည်။
အဆိုပါအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်ထားဝယ်ခရိုင်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အောင်သာဝရစခန်း(ဝေတိုရေ) စခန်းသိမ်းတိုက်ပွဲမှာ အောင်မြင်စွာသိမ်းပိုက်ပြီး နောက်တန်း ပြန်ဝင်လာတဲ့ ရဲဘော်တွေကို အခမ်းအနားနဲ့ကြိုဆိုဂုဏ်ပြုခဲ့ကြတာပါ” ဟု မြိတ် – ထားဝယ်ခရိုင် ကရင်လူငယ်များအစည်းအရုံး (KYO) မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) အမှတ် (၄)တပ်မဟာမှ ရဲဘော် များနှင့် ၎င်းတို့၏ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့ဝင် များကို မြိတ်ထားဝယ်ခရိုင်ကရင်လူငယ်အစည်းအရုံး(KYO)၊ ကရင်အမျိုးသမီးအစည်းအရုံး (KWO)နှင့် ဌာနဆိုင်ရာလူငယ်များက ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။
အောင်သာဝရ စခန်းသိမ်းတိုက်ပွဲကို ပြီးခဲ့သည့် ဇွန် ၁၄ ရက်နေ့တွင် တော်လှန်ရေး ပူးပေါင်းတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။
စစ်ကောင်စီ၏ အောင်သာဝရစခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် တနင်္သာရီတိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် စစ်ကောင်စီစခန်းနှင့် ပျူစောထီးစခန်းတို့ ၁၀ ခု အထိရှိလာပြီဖြစ်သည်။
ပုံစာ − ရှေ့တန်းနယ်မြေများ၌ လုံခြုံရေးတာဝန်များကို ထမ်းဆောင်ပြီး နောက်တန်းသို့ ပြန်လာသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ အမှတ် (၄) မှ ရဲဘော်များနှင့် ၎င်းတို့၏ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကိုတွေ့ရစဥ်။
#စစ်ကောင်စီ #အောင်သာဝရစခန်းသိမ်းတိုက်ပွဲ #ရှေ့တန်းနယ်မြေများ #ရဲဘော်များ #ဂုဏ်ပြုကြိုဆို #Ayeyarwaddy_Times