
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၂၄ ရက်
ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ် မာရမ်းကျေးရွာရှိ ရဲစခန်းကုန်းကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်မှု ကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ တာဝန်ရှိသူထံက သိရသည်။
အင်အား ၂၀ ဖြင့် တပ်စွဲထားသော မာရမ်းရွာရဲစခန်းကုန်းကို ပြီးခဲ့သည့် ဇွန်လ ၂၂ ရက် နံနက် ၅ နာရီခန့်တွင် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သွားရောက် ပစ်ခတ် ခဲ့ကြောင်းသိရသည်။
” နှစ်ဖက်တိုက်ပွဲက ၁ နာရီလောက်ကြာတယ်။ စစ်ကောင်စီဘက်က တစ်ဦးသေတယ်။ နှစ်ဦးဒဏ်ရာရတယ်။ ကျွန်တော်တို့ဘက်က ရဲဘော်တစ်ဦး အဲဒီရဲစခန်းဂိတ်ရဲ့ တံခါးကို တက်ဖွင့်တဲ့အချိန် စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ဦးခေါင်းကို ထိမှန်ပြီးကျဆုံးသွားတယ်”ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ ပစ်ခတ်မှုအတွင်း ရဲတပ်သားတစ်ဦးသေဆုံးပြီး ရဲတပ်ကြပ်ကြီးတစ်ဦး နှင့် ရဲတပ်သားတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိကာ တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။
ရဲစခန်းကုန်းကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့စဥ် အတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် အဆက်မပြတ်ပစ်ခတ်မှုကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များဘက်မှ လက်နက် အင်အားခြင်းမျှတခြင်းမရှိ၍ ပြန်လည်ဆုတ်ခွာလာခဲ့ရ ကြောင်းသိရသည်။
နှစ်ဖက်ပစ်ခတ်မှုဖြစ်စဥ်ကြောင့် မာရမ်းရွာက ဒေသခံ ၂၀၀ ကျော် ထိုင်းနိုင်ငံအတွင်း ခေတ္တ ခိုလှုံခဲ့ရသော်လည်း ယင်းနေ့ နေ့ညနေပိုင်းတွင် ကျေးရွာအတွင်းသို့ ပြန်လည် ဝင်ရောက်နေထိုင်နေကြောင်းသိရသည်။
“တိုက်ပွဲ ဖြစ်နေတာကြောင့် ထိုင်းဘက်ခြမ်းမှ ခဏသွားခိုလိုက်ရတယ်။မတော်တဆ ထိခိုက်မိမှာစိုးလို့ပေါ့။ ညနေပိုင်းမှာပဲ ကျွန်မတို့ အားလုံး ရွာကိုပြန်ဝင်လာခဲ့ကြပါ တယ်”ဟု မာရမ်းရွာ ဒေသခံအမျိုး သမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်က အခုလက်ရှိတွင် မာရမ်းရဲစခန်း၌ အင်အားထပ်တိုး၍ အထိုင်ချတပ်စွဲတာကင်းပုန်း ဝပ်ခြင်းနှင့် နယ်မြေရှင်းလင်းခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
ကော့သောင်းမြို့နယ်တွင် စစ်ရေးတင်းမာမှုများ အချိန်မရွေး ဖြစ်ပေါ်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီယာဉ်များနှင့် အနီးကပ်သွားလာခြင်း၊ ၎င်းတို့၏ အဆောက်အဦးများ အနီးနေထိုင်ခြင်းများမပြုလုပ်ကြရန်နှင့် စစ်ရေးသတိ စစ်ရေးအသိ အမြဲရှိရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက အသိပေးထုတ်ပြန်ထားသည်။
ဓာတ်ပုံ–ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့။
#ကော့သောင်းမြို့ #မာရမ်းရွာရဲစခန်းကုန်း #တိုက်ပွဲ #နှစ်ဖက်ထိခိုက်သေဆုံး #Ayeyarwaddy_Times