
ဧရာဝတီတိုင်းမ်
ဇွန် ၂၄ ရက်
အာဏာသိမ်း စစ်ကောင်စီသည် ယခုဇွန်လအတွင်း အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေး အကျဉ်းသားရာနှင့်ချီကို ထောင်ပြောင်းရွှေ့မှုများပြုလုပ်ခဲ့ပြီး ထိုသို့ ထောင်ပြောင်း ရွှေ့မှု ပြုလုပ်ခြင်းမှာ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား အဖွဲ့အစည်းများထံက သိရသည်။
စစ်ကောင်စီသည် ယမန်နေ့ ဇွန် ၂၃ ရက်နေ့က အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားများ နှင့် အခြားအကျဉ်းသားများကို ခရီးသည်တင် ကားငါး စီးဖြင့် ထောင်ပြောင်းရွှေ့ခဲ့ပြီး ယခုဇွန်လ အတွင်း ကျိုက်မရောထောင်၊ အိုးဘို ထောင်၊ အင်းစိန် ထောင်များမှ ဦးဆောင်နိုင်ငံ ရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသားရာနှင့်ချီကို သာယာဝတီ နှင့် ဒိုက်ဦးထောင်များကို ပြောင်းရွှေ့မှုပြုလုပ်ခဲ့သည်။
“အခုဆိုရင် အာဇာနည်နေ့၊ ဆဲဗင်းဇူလိုင်၊ ရှစ်လေးလုံးနှစ်ပတ်လည်ရက်တွေ နီးလာတဲ့ အချိန်မှာ ထိန်းမရတဲ့သူတွေကို ပြောင်းရွှေ့တာလို့ ယူဆလို့ရပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ပြောင်းတယ်ဆိုတာက စစ်အာဏာရှင်တွေရဲ့ နိုင်ကျဉ်းနဲ့ မိသားစုတွေကို ညှဉ်းပန်းနှိပ်စက်တဲ့ပုံစံတစ်ခုပါပဲ။ အခုလိုနယ်ဝေးထောင်တွေကို ပြောင်းတယ်ဆိုတာက နိုင်ကျဉ်းကိုတင်မဟုတ်ဘဲ မိသားစုကိုပါ ညှဉ်းပန်းနှိပ်စက် လိုက်တာဖြစ်တယ်။ တကယ်က ထောင်ပြောင်းတယ်ဆိုတာ မိသားစုနဲ့နီးတဲ့နေရာတွေကို ပြောင်းပေးရမှာ” ဟု နိုင်ငံ ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ ကိုအောင်မျိုးကျော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် အများအားဖြင့် ထောင်ပြောင်းရွှေ့မှုများတွင် ထောင်အာဏာပိုင်များ၏ အမိန့်များ၊ အလုပ်ခိုင်းစေမှုများ စသည့်အချိန်များတွင် ခေါင်းငုံ့ခံခြင်းမရှိဘဲ နည်းမျိုးစုံ ဖြင့်ဆန့်ကျင်တွန်းလှန်ကြသည့် နိုင်ငံရေးအကျဉ်းသားများကို ပစ်မှတ်ထားကာ အလျဉ်းသင့်သလို နယ်ဝေးထောင်များကိုပြောင်းရွှေ့လေ့ရှိကြောင်း နိုင်ငံရေး အကျဉ်းသား အဖွဲ့အစည်းများထံက သိရသည်။
“နိုင်ငံရေးအကျဉ်းသားတွေဆိုတာ ဘယ်နေရာကိုရောက်ရောက် မတရားတဲ့အမိန့်တွေ၊ ခိုင်းစေမှုတွေကို ရတဲ့နည်းလမ်းတွေနဲ့ ဆက်လက်တွန်းလှန်သွားကြလိမ့်မယ်ဆိုတာ အငြင်းပွားစရာမရှိပါဘူး။ ယုံကြည်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေဆိုတာ ဘယ်နေ ရာရောက်ရောက် ကိုယ့်အချင်းချင်းကိုပစ်မထားဘူး။ ဘယ်လောက်ဘဲ ကျပ်တည်း နေပါစေ ရအောင်ကူညီကြဦးမှာပါ” ဟု ကိုအောင်မျိုးကျော်က ဆိုသည်။
ထို့သို့နယ်ဝေးထောင်များကို ပြောင်းရွှေ့မှု ကြောင့် နိုင်ကျဉ်းမိသားစုဝင်များအနေဖြင့် လမ်းခရီးစရိတ်များ၊ သွားရေးလာရေးအခက်အခဲများ စသည့်ထောင်ဝင်စာပို့ရသည့် အခက်ခဲများလည်း ကြုံတွေ့နေရကြောင်း သိရသည်။
ထို့ပြင် ဒိုက်ဦးထောင်နှင့် သာယာဝတီထောင်သို့ ပြောင်းရွှေ့ခြင်းခံရသည့် နိုင်ငံရေး အကျဉ်းသားများမှာ မိသားစုနှင့် ထောင်ဝင်စာ ဧည့်တွေခွင့် မရရှိသေးကြောင်း သိရသည်။
” လက်ရှိထောင်ပြောင်းရွှေ့မှုတွေမှာ စစ်ကောင်စီကိုယ်တိုင်က ရည်ရွယ်ချက်ရှိရှိနဲ့ အားပေးအားမြှောက်ပြုနေတာကို တွေ့ရတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် မိသားစုတွေ အခက်အခဲဖြစ်ဖို့ နိုင်ငံရေး အကျဉ်းသားတွေ ညီညွတ်မှုတွေပြိုပျက်ဖို့ ဦးဆောင် နေတဲ့သူတွေကို စုဖွဲ့မှုပြိုကွဲအောင်လုပ်နေတယ်လို့ ပြောလို့ရပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့က ကျိုက်မရော ထောင်မှ ဒိုက်ဦးထောင်သို့ထောင် ပြောင်းရွှေ့မှုပြုလုပ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသူများကို အဆိုပါ နေ့တွင်ပင် ထောင်ဆူပူသည်ဟူသည့် အကြောင်းပြချက်ဖြင့် ပြင်းထန်စွာရိုက်နှက်ခြင်း ခဲ့ကြောင်း PPNM ထံက သိရသည်။
ဓာတ်ပုံ – အင်တာနက်
#အင်းစိန်ထောင် #ထောင်ပြောင်းရွှေ့ #နိုင်ငံရေးအကျဉ်းသား #စစ်ကောင်စီ #Ayeyarwaddy_Times