ဧရာဝတီတိုင်းမ်
ဇွန် ၂၄ ရက်

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကလန်းမြို့တွင် မြန်မာနိုင်ငံသားများအပါဝင် နိုင်ငံငံခြားသား ၁၇၀၀ ကျော် ဖမ်းဆီးစစ်ဆေးခံရကြောင်း မလေးရှားအခြေစိုက် မြန်မာအဖွဲ့စည်းဖြစ်သည့် ချင်းဒုက္ခသည်မဟာမိတ်အဖွဲ့(ACR) တာဝန်ရှိသူထံက သိရှိရသည်။

ကလန်းမြို့တွင် နိုင်ငံခြားသား အများပြားနေထိုင်သည့် နေအိမ်နှင့် စက်ရုံတို့တွင် ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့ ညနေပိုင်းတွင် မလေးရှားနိုင်ငံသားများ၏ တိုင်ကြားချက်များကြောင့်အာဏာပိုင်အဖွဲ့များက ရှောင်တခင် ဝင်ရောက်စီးနင်း ဖမ်းဆီးစစ်ဆေးခြင်းဖြစ်သည်။

“တိုင်ကြားချက်ရှိလို့ပါ။ နိုင်ငံခြားသားတွေ များလွန်းလို့ မလေးရှားနိုင်ငံသားတွေက တိုင်တာဖြစ်ပါတယ်။ နိုင်ငံခြားသား ၁၇၀၀ ဖမ်းဆီးစစ်ဆေးခံရတယ်လို့ ကြားရပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံသားတွေက ဘယ်လောက်လဲဆိုတာ အသေးစိတ်မသိရသေးပါ။”ဟု ချင်းဒုက္ခသည်မဟာမိတ်အဖွဲ့(ACR)တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် အထောက်ထားအပြည့်စုံ ရှိသူ အများပြားပါဝင်နေကြောင်း ၎င်းက ဆိုသည်။

အထောက်ထားအပြည့်စုံ ရှိသူများသည် ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် ပြန်လည်လွတ်မြောက် လာကြပြီး အထောက်ထားအပြည့်စုံ မရှိသူများသည် ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံရဆဲဖြစ်ကြောင်း ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသားများထံက သိရှိရသည်။

“မလေးရှား (လဝက)က စစ်ဆေးတဲ့သဘောပါ။ အဖမ်းဆီးခံရတဲ့ထဲ မြန်မာနိုင်ငံသား အယောက် (၁၀၀) ကျော်ပါတယ်။ အထောက်ထားအပြည့်စုံရှိတဲ့သူတွေကိုတော့ ဘာမှမလုပ်ဘဲ ဒီမနက်မှာ ပြန်လွတ်ပေးပါတယ်။အထောက်ထားအပြည့်စုံ မရှိတဲ့သူတွေကိုတော့ ဆက်လက် ဖမ်းဆီးထိန်းသိမ်းဆဲဖြစ်ပါတယ်” ဟု ပြန်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသားတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

အဆိုပါ ဖမ်းဆီးစစ်ဆေးခံရသည့်နိုင်ငံခြားသား ၁၇၀၀ ကျော်ထဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အများစုဖြစ်ပြီး မြန်မာ၊ ပါကစ္စတန်၊ နီပေါနှင့် ထိုင်းနိုင်ငံသားတို့ ပါဝင်ကြောင်း သိရသည်။

မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနကလည်း ပြည်သူများ၏ တိုင်ကြားမှုကြောင့် Operasi (အော်ပရာစီ) စစ်ဆင်ရေးအနေဖြင့် ဝင်ရောက်ဖမ်းဆီးခြင်းဖြစ် ကြောင်း ယနေ့ ဇွန်လ ၂၄ ရက်နေ့ မနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည် မေလကလည်း ဆလန်ဂေါပြည်နယ်နှင့် ဂျိုဟိုးပြည်နယ်တို့တွင် တရားမဝင် နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်နေသည့် စက်ရုံနှင့် အလုပ်ရုံများတွင် မလေးရှားအာဏာပိုင်များ၏ ဝင်ရောက်စီးနင်းဖမ်းဆီးမှုကြောင့် မြန်မာနိုင်ငံသားအပါဝင် နိုင်ငံခြားသား ၄၀၀ နီးပါး ဖမ်းဆီးခံရသည်။

#မလေးရှားတွင် #မြန်မာနိုင်ငံသားများ #နိုင်ငံခြားသား #၁၇၀၀ကျော် #ဖမ်းဆီးခံရ
#Ayeyarwaddy_Times