
ဧရာဝတီတိုင်းမ်
ဇွန် ၂၄ရက်
ကချင်ပြည်နယ်၊ ဖားကန့်- အင်းတော်လမ်းပိုင်းရှိ စစ်ကောင်စီ၏ တပ်စခန်း နှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။
စစ်ကောင်စီ၏ ဝှေလုံတပ်စခန်းနှင့် ညောင်ပင်တပ်စခန်းတို့ကို ယမန်နေ့ ဇွန် ၂၃ရက်နေ့ ညနေပိုင်းတွင်KIA က သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံကသိရသည်။
“နာရီပိုင်းပဲခြားပြီး တပ်စခန်း နှစ်ခုကိုသိမ်းနိုင်ခဲ့ပါတယ်။ စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေလည်းလုပ်ပါတယ်။ စစ်တပ်ဘက်ကစခန်း သံုးခုပေါင်းရင် တပ်သား ၁၅၀ ဝန်းကျင်လောက်တော့ရှိတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
KIA တပ်မဟာ ၉ နှင့် KPDFပူးပေါင်းတိုက်ခိုက်နေသော စခန်းသုံးခုအနက် စစ်ကောင်စီ၏ ဝှေလုံတပ်စခန်းကို ညနေ ၆ နာရီကျော်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ည ၈နာရီခန့်တွင် ညောင်ပင်စခန်းကို KIA ပူးပေါင်းအဖွဲ့က သိမ်းပိုက် ရရှိခဲ့သည်။
စစ်ကောင်စီ၏ ဝှေလုံတပ်စခန်းသည် ခမရ ၁၁၁ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့်ဖြင့် စခန်းထိုင်နေပြီး ဝှေလုံစခန်း အတိုက်ခံရချိန်တွင် ညောင်ပင်စခန်းနှင့် ချောင်းဝစခန်းမှ စစ်ကောင်စီတပ်နှင့် ရှမ်းနီပြည်သူ့စစ် SNA ပူးပေါင်းတပ်ဖွဲ့ဝင်တချို့ စခန်းမှစွန့်ခွာပြေးကြသည့်အတွက် တပ်စခန်းများအတွင်း အင်အားအနည်းငယ်သာ ကျန်ရှိကြောင်း သိရသည်။
အဆိုပါ တပ်စခန်းများကို KIA ပူးပေါင်းတပ်က ပြီးခဲ့သည့် ဇွန် ၂၂ရက်နေ့ နံနက် ၅နာရီခန့်မှစ၍ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီစစ်ကောင်စီက ဂျက်ဖိုက်တာ၊ Y-12လေယာဉ်များဖြင့် လေကြောင်းပစ်ကူပေးခဲ့ကြောင်း သိရသည်။
#ဖားကန့် #အင်းတော်ကြီး #စစ်ကောင်စီ #တပ်စခန်း၂ခု #KIA #သိမ်းပိုက် #Ayeyarwaddy_Times