ဧရာဝတီတိုင်းမ်
ဇွန် ၂၄ ရက်

စစ်ကောင်စီထိန်းချုပ်ထားသောစားအုန်းဆီရောင်းဝယ်ရေးဈေးကွက်တွင် စစ်ကောင်စီ သတ်မှတ်ဈေးနှင့် ပြင်ပပေါက်ဈေးမြင့်တက်နေချိန်တွင် စားအုန်းဆီတင်သင်္ဘောများရောက်ရှိကြောင်း စစ်ကောင်စီထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန် ၁၉ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံမှတင်သွင်းလာသော ဆီတန်ချိန် ၅၃၀၀၀ ပါသော စားအုန်းဆီတင် သင်္ဘောရောက်ရှိနေသော်လည်း ငါးရက်ကြာပြီ ဇွန် ၂၄ ရက်နေ့မှ စစ်ကောင်စီထုတ်ပြန်သည်။

ယခုတစ်ပတ် ဇွန် ၂၄ ရက်မှ ၃၀ ရက်နေ့အထိ စစ်ကောင်စီသတ်မှတ်ချက် ရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာကို ၅,၄၀၀ ကျပ်သတ်မှတ် ကြောင်းထုတ်ပြန်သည်။

ရန်ကုန်မြို့စားအုန်းဆီပြင်ပပေါက်ဈေးတွင် တစ်ပိဿာလျှင် ကျပ် ၁၁,၀၀၀ ဖြစ်ပြီး နယ်မြို့များတွင် တစ်ပိဿာလျှင် ကျပ် ၁၄,၀၀၀ ရှိကြောင်းစုံစမ်းသိရသည်။

စစ်ကောင်စီသတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချသည့်ဆိုင်များ၌ တစ်ပိဿာလျှပ် ၆,၄၀၀ ကျပ် ဖြင့်ရောင်းချပြီး ဆီဝယ်ယူရာတွင် သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်ပါရှိရမည်ဖြစ်ကာ ယခုရက်ပိုင်းတွင် လူတစ်ဦးကို ၅၀ ကျပ်သားရောင်းချကြောင်း မရမ်းကုန်းမြို့ခံတစ်ဦးက ပြောကြားသည်။

စားအုန်းဆီတင်သွင်းရာတွင် ကုမ္ပဏီ ၂၆ ခုရှိပြီး လစဉ်တန်ချိန် သုံးသောင်းကျော်တင်သွင်းနေပြီး ရန်ကုန်တိုင်း အတွင်း လက်လီဆိုင်ပေါင်း ၅၈၀၀ ကျော်ရှိ၍ မြို့နယ်အလိုက်တစ်ရက်ကို ဆီပေပါ ၂၆၆၀ ကျော်ဖြန့်ချီပေးနေကြောင်းသိရသည်။

ထို့ပြင်ရန်ကုန်တိုင်းအတွင်း ဆီတန်ချိန် ၁၄,၀၀၀ နှင့် မန္တလေး ဆီတန်ချိန် ၇၀၀၀ ခန့်ဖြန့်ဖြူပေးနေပြီး ကျန်တိုင်းနှင့်ပြည်နယ်များကိုလည်းလစဉ်ဖြန့်ဖြူးပေးနေသည်ဟု ဆိုသည်။

ဧရာဝတီတိုင်းတွင် ဇွန်လအစောပိုင်းကတည်းက စားအုန်းဆီပြတ်လပ်မှုဖြစ်ပေါ်နေပြီး စစ်ကောင်စီ သတ်မှတ်ဈေးဖြင့်ရောင်းသည့်ဆိုင်များတွင် မှတ်ပုံတင်၊ ဖုန်းနံပါတ်၊ လက်ဗွေများပေးရကြောင်း ဒေသခံများထံမှ သိရသည်။

စားအုန်းဆီအပါအဝင် ထိုင်းနိုင်ငံမှတင်သွင်းသော ဟင်းသီးဟင်းရွက်ဆီများလည်း ဈေးမြင့်တက်နေတကာ ကုန်ပစ္စည်းရှားပါးလျက်ရှိသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်မှ ဇွန်လ ၂၃ ရက်အထိ ရန်ကုန်အထိုင်ဈေးအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၅,၃၇၀ ဖြစ်သည်။

ဈေးကွက်အတွင်း စားအုန်းဆီကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ဟု စစ်ကောင်စီပြန်ထားသည်။

ဓာတ်ပုံ – လူမှုကွန်ယက်၊ ဧရာဝတီတိုင်းမ်
ပုံစာ – ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီ
လုပ်ငန်းရှင်များအသင်းမှ ဆီရောင်းချနေပုံ၊ ဇွန် ၂၃ ရက်နေ့ City Market တွင် ခင်းကျင်းရောင်းချနေသော စားသုံးဆီဗူးများ
#စားအုန်းဆီဈေးနှုန်းမြင့်တက်နေ #စားအုန်းဆီ #စားဆီအခက်အခဲကြုံ #Ayeyarwaddy_Times