ဧရာဝတီတိုင်းမ်
ဇွန် ၂၃ရက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ်တွင်စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီက မြို့တွင်းလမ်းများပေါ်တွင် မိုင်းများ ထောင်ထားကာ ညမထွက်ရအမိန့်ထုတ်ထားကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီနှင့် AA တို့၏ တိုက်ပွဲများသည် ပြီးခဲ့သည့် ဇွန် ၂၁ရက်နေ့မှစတင်၍ သံတွဲမြို့ပေါ်အထိ တိုက်ပွဲရောက်ရှိလာပြီး ယနေ့ ဇွန် ၂၃ရက်နေ့ အထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။

“မနေ့က (ဇွန် ၂၂ရက်နေ့) မနက် ၃နာရီလောက်မှာ အိမ်ပေါ်ကို လက်နက်ကြီးကျတယ်။ အိမ်ရှေ့ခြမ်းတစ်ခုလုံးပြိုကျသွားပြီး အိမ်က အဖွားခေါင်းကို ကျည်စထိတယ်။ အခုတိုက်ပွဲက မြို့တွင်းမှာကို ဖြစ်နေတာ” ဟု ဇာဒီပြင်ကျေးရွာမှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီနှင့် AA တပ်ဖွဲ့များ၏ တိုက်ပွဲမှာ သံတွဲမြို့ပေါ် ရှိ ရွှေကျောင်းပြင်၊ နတ်ပြင်၊ လက်ပံစု၊ ခြံပြင်၊ နွားစာပြင်၊ ဇာဒီပြင်ကျေးရွာ လမ်းကြောတစ်လျှောက်မှနေ၍ မြို့ပေါ်အထိ တိုက်ပွဲများ ဖြစ်ပွားလာကြောင်း သိရသည်။

“စစ်တပ်က ရွှေကျောင်းပြင်ကစလို့ မြို့တွင်းချိတ်ဆက်လမ်းတွေမှာ မိုင်းထောင် ထားတယ်။ ည၉နာရီကနေ မနက် ၄ နာရီထိ ညမထွက်ရအမိန့်လိုက်အော်တယ်။ သူတို့လည်း ပစ်ခတ်နေတဲ့ကြားကလိုက်အော်ရတော့ နေရာအနှံ့မရောက်ဘူး။ မာရှယ်လောထုတ်တာ မသိတဲ့သူကများပါတယ်” ဟု ဇာဒီပြင်ကျေးရွာ ဒေသခံက ဆိုသည်။

ထို့အပြင်စစ်ကောင်စီက ရွှေကျောင်းပြင်နှင့် သံတွဲကြားရှိ တံတားကိုလည်း မိုင်းထောင် ထားပြီး ဒေသခံများကို မြို့အတွင်းမှ ထွက်ခွာခွင့် မပေးတော့ကြောင်း သိရသည်။

“အခုမြို့က‌နေ ထွက်လို့မရတော့ဘူး။ လမ်းတွေမှာမိုင်းထောင်ထားတဲ့အပြင်မြို့ကထွက်ဖို့ အကြောင်း ပြချက်ကို ခရိုင်ကို စာတင်ရတယ်။ တစ်ပတ်စောင့်ရမယ်ပြောတယ်။ တစ်ပတ်စောင့်နေရင်း တိုက်ပွဲက အိမ်ရှေ့ရောက်လာပြီ။ လူကြီးတွေလည်း ထိခိုက် ကုန်တော့ မြို့ကနေခွါချင်နေပြီ” ဟု ဇာဒီပြင်ဒေသခံက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယမန်နေ့ ဇွန် ၂၂ရက်နေ့ ည၉နာရီခန့်က စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွှေကြောင်းပြင်ရွာမှ ဒေသခံ နှစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#သံတွဲ #စစ်ကောင်စီ #AA #တိုက်ပွဲပြင်းထန် #မြို့တွင်းမိုင်းထောင် #Ayeyarwaddy_Times