ဧရာဝတီတိုင်းမ်
ဇွန် ၂၃ ရက်

ဆန်စပါးဈေးမြင့်တက်နေသဖြင့်မေးမြန်းစစ်ဆေးခံရပြီးနောက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်(MRF) သည် ရန်ကုန်မြို့တွင် ဧည့်မထဆန်နှင့် ပေါ်ဆန်းဆန်များကို ဇွန် ၂၄ ရက်နေ့မှ စတင်ကာ သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ဝါးတန်းကုန်စည်ဒိုင်၊ ဘုရင့်နောင်ကုန်စည်ဒိုင်တို့တွင် ရုံးဖွင့်ချိန်အတွင်းဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

ဧည့်မထဆန်တစ်ပြည် ၃၀၀၀ ကျပ်၊ ပေါ်ဆန်းဆန် တစ်ပြည် ၅၀၀၀ ကျပ်၊ ပေါ်ဆန်းဆန် ၁၀ ကီလို ( ငါး ပြည်) တစ်အိတ် ၂၅၀၀၀ ကျပ်ဖြင့် နှုန်းရောင်းချမည်ဖြစ်သည်။

ထို့ပြင်ရွှေဘိုပေါ်ဆန်းတစ်အိတ် ကျပ် ၁၃၅,၀၀၀ မှ ၁၄၅,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း တစ်အိတ် ၁၁၀,၀၀၀ ကျပ်မှ ၁၂၀,၀၀၀ ကျပ်၊ ဧည့်မထ ( ၁၅ ရာခိုင်နှုန်း) တစ်အိတ် ၇၂၀၀၀ ကျပ်မှ ၇၅၀၀၀ ကျပ်ကြားရောင်းချမည်ဖြစ်ကြောင်း သိရသည်။

“ မနှစ်ကလည်းဆန်ကုန်သည်တွေက အိတ်စိုက်ပြီးတော့ အသင်းကိုဆန်အိတ်တွေ ဝေပုံကျပေးရသေးတယ်။ အခုလည်းအဲဒီလိုပဲလာမှာပဲ။ ဘယ်လောက်ရောင်းနိုင်မှာလဲ။ အများဆုံးရောင်းနိုင် တစ်လနဲ့ တစ်လခွဲလောက်ပဲ” ဟု ဆန်စက်နှင့်ပွဲရုံပိုင်ရှင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါဈေးနှုန်းများသည် ပြင်ပပေါက်ဈေးထက် ကျပ် ၂၀၀၀၀ မှ ၄၀၀၀၀ သောင်းကြားကွာခြားမှုများရှိသဖြင့် ဈေးကွာခြားချက်များပြီး ဆန်းစပါးလုပ်ကိုင်သူ များ အခက်ကြုံနိုင်ကာ မည်သူမှရောင်းနိုင်ခြင်းရှိမည် မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

၂၀၂၃ ခုနှစ်တွင် ရွှေဘိုပေါ်ဆန်း ၁၀၈ ပေါင်တစ်အိတ် ၁၁၀,၀၀၀ ကျပ်မှ ၁၂၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းတစ်အိတ် ၉၄,၀၀၀ ကျပ်မှ ၉၇,၀၀၀ ကျပ်၊ ဧည့်မထ ၁၀ရာခိုင်နှုန်း တစ်အိတ် ၆၅,၀၀၀ ကျပ်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်အိတ် ၆၀,၀၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရောင်းချခဲ့သည်။

ဓာတ်ပုံ – MRF
ပုံစာ-ပြီးခဲ့သည့် မေလအတွင်းက စက်မှုဇုန်များ၊ စက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊ အလုပ်သမားမိသားစုများ၊ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများကို MRF မှ ဆန် ရောင်းချပေးနေစဉ်
#စစ်ကောင်စီစစ်ဆေး #MRF #ဆန်ရောင်းမည် #Ayeyarwaddy_Times