
ဆောင်းပါးရှင် – ဆလိုင်းသန့်စင်
(ဧရာဝတီတိုင်းမ်၊ ဇွန် ၂၃ ရက်)
ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ ဇွန်လ ၁၉ ရက်နေ့က မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်၊ ကမ္မရွာအနီးပစ်ခတ်မှုဖြစ်စဉ်မှာ ပျံလွန်တော်မူခဲ့ပါတယ်။
ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့နောက် နာရီပိုင်းအကြာမှာ ဝင်းနိမ္မိတာရုံဆရာတော်ဟာ စစ်ကောင်စီတပ်ရဲ့ အဆင်ခြင်မဲ့ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ကြောင်း လွတ်လပ်တဲ့သတင်းမီဒီယာတွေက ဒေသခံ သတင်းရင်းမြစ်တွေနဲ့ နီးစပ်တဲ့သံဃာတော်တွေကို မေးမြန်းပြီး သတင်းတွေရေးသားဖော်ထုတ်ခဲ့ကြပါတယ်။
တဖက်မှာတော့ စစ်ကောင်စီက ဆရာတော်ရဲ့ ကားဒရိုင်ဘာ ဦးကျော်ဝင်းကို အင်တာဗျူးရိုက်ကူးပြီး “ဆရာတော်ကို ပစ်ခတ်သတ်ဖြတ်တာ PDF အကြမ်းဖက်သမားတွေဖြစ်ကြောင်း” မြ၀တီ ရုပ်သံမှာရော တယ်လီဂရမ်ချန်နယ်တွေမှာပါ ထုတ်လွှင့်ခဲ့ပါတယ်။
ဒါ့အပြင် ဇွန်လ ၂၀ ရက်နေ့ မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေမှာပါ ဆရာတော် ဦးမုနိန္ဒာဘိဝံသကို PDF အမည်ခံ အကြမ်းဖက်သမားတွေက သတ်ဖြတ်ခဲ့ကြောင်း အကျယ်တဝင့် ထည့်သွင်းဖော်ပြခဲ့ပါတယ်။
စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ကို အခြေခံပြီး စစ်တပ်ထောက်ခံသူလော်ဘီတွေနဲ့ တပ်ထောက်ခံ တယ်လီဂရန် ချန်နယ်တွေကပါ ဘုန်းကြီးသတ်တဲ့ PDF ဆိုပြီး ထပ်ဖွကြပါတယ်။
မြန်မာပြည်တဝှန်းက သံဃာထုနဲ့ ပြည်သူတွေကတော့ စစ်ကောင်စီတပ်ဟာ အမြဲလိမ်နေကျ ဗြောင်လိမ်ဗြောင်စားတွေမို့ သူတို့ထုတ်ပြန်ချက်ကို အယုံအကြည်မရှိကြဘဲ ပစ်ခတ်မှုဖြစ်စဉ်မှာ ကံကောင်း ထောက်မစွာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ကန်သုံးဆင့်ဆရာတော်ကြီး ဦးဂုဏိကာဘိဝံသရဲ့ရှင်းလင်းချက်ကို စောင့်မျှော်ခဲ့ကြပါတယ်။
စာရေးသူကိုယ်တိုင်ကလည်း ကန်သုံးဆင့်ဆရာတော်ကြီးဟာ ဘုရားသားတော်ပီပီ မုသာဝါဒမပါဘဲ အမှန်အတိုင်း ထုတ်ပြောလိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။
မျှော်လင့်ထားသလိုပါပဲ။ စစ်ကောင်စီတပ်က စစ်ဗိုလ်စစ်သားများရဲ့ အဆင်ခြင်မဲ့စွာ ပစ်ခတ်မှုကြောင့် ဝင်းနိမ္မတဆရာတော် ပျံလွန်တော်မူခဲ့တာဖြစ်ကြောင်းကို ကန်သုံးဆင့် ဆရာတော်ကြီးက ဇွန်လ ၂၀ ရက်နေ့မှာ သံဃာထုနဲ့ ပြည်သူလူထုကို ရှင်းလင်းမိန့်ကြားတော်မူခဲ့ပါတယ်။
သီလကို အသက်တမျှတန်ဖိုးထားတဲ့ ဆရာတော်ကြီးဟာ ကိုယ့်အပေါ်အန္တရာယ်ကျရောက်နိုင်တာကို သိသော်လည်း ပျံလွန်တော်မူခဲ့သော သာသနာ့အာဇာနည် ဝင်းနိမ္မိတာရုံကျောင်းဆရာတော်အတွက် အမှန်တရားကို ရဲဝံ့စွာထုတ်ဖော်မိန့်ကြားခဲ့တာလည်း ဖြစ်ပါတယ်။
ကန်သုံးဆင့်ဆရာတော်ကြီးမိန့်ကြားချက်အရ ဒီအချက်တွေ ပေါ်ပေါက်ခဲ့တယ်။
၁။ စစ်ကောင်စီတပ်က အမေးအမြန်းမရှိဘဲ ဖောကားပေါ်ကနေ ဘုန်းကြီးကားကို သေနတ်နဲ့ ၇ ချက် ၈ ချက် ပစ်ခတ်ခဲ့တာဖြစ်တယ်။
၂။ အဲ့လိုပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံ ဆရာတော်ဟာ ပွဲချင်းပြီး ပျံလွန်တော်မူခဲ့တယ်။ ကားဒရိုင်ဘာ ဦးကျော်ဝင်း လက် ၃ ချောင်း ပြတ်ခဲ့ပြီး ကာယကံရှင် ကန်သုံးဆင့်ဆရာတော်ကြီးလည်း ဦးခေါင်းမှာ မှန်ကွဲစစိုက်တဲ့ဒဏ်ရာ ရရှိခဲ့တယ်။
၃။ စစ်တပ်ဟာ ဒဏ်ရာရထားတဲ့ ဆရာတော်ကြီးကို ဆေးမကုပေး၊ ဆွမ်းမကပ်ဘဲ ဒီတိုင်းပစ်ထားခဲ့ပြီး ၇ နာရီလောက်ကြာမှ တံတားဦးဆေးရုံကို ပို့ပေးခဲ့တယ်၊ ဆေးရုံမှာလည်း စစ်တပ်ဆီကအမိန့်မရလို့ ဆရာတော်ကြီးကို အရပ်ဘက်ဆရာဝန်တွေ၊ သူနာပြုတွေက ဆေးမကုပေးခဲ့ဘူး။
၄။ ဆေးရုံမှာ ဆရာတော်ကြီးကို စစ်ကောင်စီဘက်က ချဉ်းကပ်ပြီး PDF ပစ်တာမို့လားဆိုတဲ့စကားမျိုး ၃ ကြိမ် လမ်းစဖော် မေးခဲ့တယ်။ ဆရာတော်ကြီးကတော့ စစ်တပ်ပစ်ခတ်တာဖြစ်ကြောင်း အခိုင်အမာ ပြောကြားနေတဲ့အတွက် ဒဏ်ရာကို ဆေးမကုပေးဘဲ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အခြေစိုက်ရာ မန္တလေးနန်းတွင်းထဲ ခေါ်သွားခဲ့ပြီး တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင််ကိုယ်တိုင် စစ်မေးခဲ့တယ်။
၅။ နန်းတွင်းမှာ အခြားသောစစ်တပ်အရာရှိတွေကလည်း ဆရာတော်ကြီးကို ၅ ခါတိတိ စစ်ဆေးမေးမြန်းခဲ့တယ်။ ဒါဟာ သူတို့စစ်တပ်လိုချင်တဲ့ပုံစံအတိုင်းထွက်ဆိုဖို့ ဆရာတော်ကြီးကို တဖက်လှည့်နဲ့ ဖိအားပေးခဲ့တာ ဖြစ်တယ်။ ဆရာတော်ကြီးက စစ်တပ်ပစ်တာဖြစ်ကြောင်းကိုသာ အခိုင်အမာ အမှန်အတိုင်း ဖြေကြားနေတဲ့အတွက် ည ၉ နာရီလောက်ကျမှ ဦးခေါင်းကမှန်စကိုဆွဲထုတ်၊ ၃ ချက်ချုပ် ဆေးကုပေးပြီး ပြန်လွှတ်ပေးခဲ့တယ်။ မနက် ၁၀ နာရီလောက်က ရခဲ့တဲ့ မှန်ကွဲစစိုက်တဲ့ဒဏ်ရာကို ည ၉ နာရီအထိ စစ်ဆေးမေးမြန်းမှုတွေလုပ်ပြီးမှသာ ဆေးကုပေးခဲ့တာဖြစ်တယ်။
ကန်သုံးဆင့်ဆရာတော်ကြီးရဲ့ ရှင်းလင်းမိန့်ကြားချက်ကြောင့် လူသတ်အကြမ်းဖက် ဗြောင်လိမ်ဗြောင်စား စစ်တပ် တိုင်းပြည်ကို ဖုံးဖိလိမ်ညာခဲ့သမျှ အကုန်ပေါ်သွားခဲ့တယ်။ PDF သတ်တာဆိုပြီး ဝိုင်းလော်ခဲ့ကြတဲ့ စစ်တပ်လော်ဘီတွေလည်း ဗီဒီယိုဖိုင်တွေအသီးသီး ပြန်ဖြုတ်ပြီး ပြေးကြတော့တယ်။
အဖြစ်မှန်တွေကို ဘယ်လိုမှလိမ်ညာဖုံးဖိလို့မရတော့တဲ့အတွက် ဇွန်လ ၂၁ ရက်မှာ စစ်ကောင်စီပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းက သူတို့စစ်တပ်ပစ်ခတ်လို့ ဝင်းနိမ္မိတဆရာတော် ပျံလွန်တော်မူခြင်းဖြစ်ကြောင်း ဝန်ခံခဲ့တယ်။
အကယ်၍များ ကန်သုံးဆင့်ဆရာတော်ကြီးသာ အကြောင်းအမျိုးမျိုးကြောင့် အမှန်တရားကို မဖော်ထုတ်ဘဲ နှုတ်ဆိတ်နေခဲ့မယ်ဆိုရင် –
၁။ ဝင်းနိမ္မိတဆရာတော်ကို PDF တွေသတ်တာဖြစ်ကြောင်း စစ်ကောင်စီက အကြီးအကျယ် ဆက်ပြီး လိမ်ညာ ဝါဒဖြန့်မယ်။
၂။ ပြည်တွင်းပြည်ပက စစ်တပ်လော်ဘီတွေ၊ စစ်တပ်ထောက်ခံတဲ့ သတင်းသမားအယောင်ဆောင်ထားသူတွေက ဝိုင်းလှော်ပြီး ဖွကြမှိုင်းတိုက်ကြမယ်။
၃။ စစ်တပ်လက်ကိုင်တုတ် အမျိုးဘာသာသာသနာ မျိုးချစ်အုပ်စုတွေ အလျှိုလျှိုပေါ်လာပြီး ဝင်းနိမ္မိတာရုံဆရာတော်ဈာပနမှာ ဝန်းရံကြမယ်။ သံဃာသတ်တဲ့ PDF ဆိုပြီး တော်လှန်ရေးကို လူထုထောက်ခံမှုကျဆင်းအောင်၊ ပြည်သူတွေ PDF ကို မုန်းအောင် လှုံ့ဆော်ကြမယ်။
၄။ အဲ့ထက်အရှိန်ရလာရင် ပြည်နယ်နဲ့တိုင်းအသီးသီးက မြို့ကြီးတွေမှာ မဘသအုပ်စုတွေ ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒပြကြတာတွေ အကြီးအကျယ်လုပ်ကာ သံဃာထုနဲ့ PDF ကြား အမုန်းပွားအောင်၊ ပြည်သူနဲ့ PDF ကြား သွေးကွဲအောင် အကွက်ချလုပ်ကြမှာ ကျိန်းသေပါပဲ။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ နွေဦးတော်လှန်ရေးမှာ ပထမဆုံး ကျဆုံးခဲ့တဲ့ နေပြည်တော်က မမြသွဲ့သွဲ့ခိုင်ကစလို့ အခုလက်ရှိ မင်းကင်းနဲ့ရခိုင်က လူအစုလိုက် အပြုံလိုက် လေကြောင်းဗုံးကြဲ သတ်ဖြတ်မှုတွေအဆုံး သူတို့လုပ်တာ မဟုတ်ပါဘူးဆိုပြီး ကျူးလွန်ခဲ့သမျှ စစ်ရာဇဝတ်မှုတွေကို ဗြောင်လိမ်ခဲ့သူတွေပါ။
ဒီတကြိမ် ဝင်းနိမ္မိတာရုံဆရာတော် သတ်ဖြတ်ခံရမှုမှာလည်း စစ်ကောင်စီဟာ နည်းလမ်းဟောင်းအတိုင်း PDF ကို လွှဲချပြီး အဖြစ်မှန်ကို လိမ်ညာဖုံးကွယ်ဖို့ ကြိုးပမ်းခဲ့တာပါ။ အသက်ရှင်ကျန်ရစ်သူ အဓိကမျက်မြင် သက်သေ ကန်သုံးဆင့်ဆရာတော်ကြီးရဲ့ အမှန်တရားကို ရဲရင့်စွာဖော်ထုတ်တဲ့မိန့်ကြားချက်ကြောင့်သာ စစ်တပ်ဟာ ဖုံးမရ ဖိမရနဲ့ အမှန်ကိုဝန်ခံခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ကန်သုံးဆင့်ဆရာတော်ကြီး ဦးဂုဏိကာဘိဝံသရဲ့ ရဲရင့်သောဖော်ထုတ်ချက်ဟာ အာဏာသိမ်း စစ်တပ်ရဲ့ လူသတ်အကြမ်းဖက်လုပ်ရပ်နဲ့ စစ်ရာဇဝတ်မှုကို လိမ်ညာဖုံးကွယ်ဖို့ကြိုးပမ်းခဲ့တဲ့လုပ်ရပ် နှစ်ခုစလုံးကို လယ်ပြင်မှာဆင်သွားသလို ထင်ရှားပေါ်ပေါက်စေခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ မြန်မာ့နွေဦး တော်လှန်ရေးသမိုင်းမှာ အထင်ကရမှတ်တမ်းတစ်ခုအဖြစ် ကဗျည်းတင် ကျန်ရစ်နေတော့မှာ ဖြစ်ပါတယ်။
#ဝင်းနိမ္မိတာရုံဆရာတော် #ကန်သုံးဆင့်ဆရာတော် #စစ်ရာဇဝတ်မှု #အတွေးအမြင်ဆောင်းပါး
#Ayeyarwaddy_Times