ဧရာဝတီတိုင်းမ်
ဇွန် ၂၃ ရက်
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ဆခမကျေးရွာမှ ဆရာတော်ဦးဥတ္တမသည် စစ်ကောင်စီတပ် ကင်းပုန်းအဖွဲ့၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇွန် ၂၂ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် မြင်းခြံ၊ မြို့ပတ်လမ်း၊ ဆခမနှင့် မောင်ရင်မောင်ကြားတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့မှ ဆရာတော် လိုက်ပါလာသည့် ပရဟိတကားကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
ပျံလွန်တော်မူခဲ့သည့် ဆခမ ဆရာတော်ဦးဥတ္တမသည် သက်တော် (၅၀) နှစ် ၊ ဝါတော် ၁၂ ဝါရှိသည့် သံဃာတော် တစ်ပါးဖြစ်ပြီး ဦးခေါင်းကို သေနတ်ကျည်ထိမှန်၍ ပျံလွန်တော်မူခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
“သူတို့လုပ်ပြီး ကျွန်တော်တို့ကို နာမည်တပ်ဆွဲထည့်တာ။ အဲဒီနေရာမှာ ကျွန်တော်တို့ ဒေသကာကွယ်ရေးတပ်တွေ ကျွန်တော်တို့လူတွေမရှိဘူး။ သူတို့နေရာ။ မနက် ကတည်းက အဲ့ကိစ္စကို ဖြေရှင်းနေရတာ။ ကျွန်တော်တို့ စာထုတ်သွားပါမယ်။ သက်သက်ယုတ်မာတာပါ။ သူတို့လုပ်ပြီး ကျွန်တော်တို့အပေါ်လွှဲချတာ”ဟု Myingyan Black Tiger-MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဆရာတော်ဦးဥတ္တမသည် ဆခမကျေးရွာရှိ အရေးပေါ်လူနာတစ်ဦးအား ပရဟတိကားဖြင့် ၎င်းကိုယ်တိုင် ဆေးရုံသို့လိုက်ပို့စဉ် မြင်းခြံမြို့အထွက် ဂိတ်တွင်ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
“အရေးကြီးလူနာကို ဆရာတော်ကိုယ်တိုင်လိုက်ပို့တာ။ အခုလိုအပစ်ခံရမှာစိုးလို့ သူကိုယ်တိုင်မောင်းပြီးလိုက်ပို့တာ။ မြို့အထွက်လေးက စစ်ကောင်စီရဲ့ ဂိတ်မှာတင် အပစ်ခံရတာ။ ကားမှာ ပရဟိတတံဆိပ်လည်းပါတယ်။ ဒေသခံတွေကို လိမ်ပြောဖို့ ခြိမ်းခြောက်နေတာရှိတယ်”ဟု ဖြစ်စဉ်ကို သိရှိသူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်တပ်ထောက်ခံ ဝါဒဖြန့်ချန်နယ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက အချက်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်သဖြင့် ပရဟိတကားပေါ်တွင် ပါလာသည့် ဆရာတော်ပျံလွန်တော်မူခဲ့ကြောင်း ဝါဒဖြန့်ရေးသား ဖော်ပြလျက်ရှိသည်။
စစ်ကောင်စီနှင့်အတူ တပ်ထောက်ခံ ဝါဒဖြန့်ချန်နယ်များသည် ပြီးခဲသည် ဇွန် ၁၉ ရက်နေ့က ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး စီးနင်းလာသည့် ကားအား စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ခဲ့သည်ကို PDF များက လုပ်ဆောင်ခြင်းဖြစ်ကြောင်း တညီတညွတ်တည်း လိမ်လည်ထုတ်ပြန်ခဲ့သေးသည်။
စစ်တပ်ဝါဒဖြန့် သတင်းဌာနများရေးသားသကဲ့သို့ လူနာလာပို့သည့် ဘုန်းကြီးကားကို ပစ်ခတ်ခဲ့ခြင်းမရှိသလို တပ်ဖွဲ့စစ်ရေးလှုပ်ရှားရာနေရာ မဟုတ်သည့်အတွက် စွပ်စွဲ သူများအား လိုက်လံစုံစမ်း အရေးယူသွားမည်ဖြစ်ကြောင်း မြင်းခြံခရိုင်တပ်ရင်းအမှတ် (၉) Myingyan Black Tiger (MBT) တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထို့ပြင် MBT အနေဖြင့် စုံစမ်းခဲ့ရာ ဆရာတော်အားပစ်ခတ်ခဲ့သည့် နေရာတွင် အခြားမည်သည့်မဟာမိတ်တပ်ဖွဲ့မှ တပ်စွဲခြင်း ၊ စစ်ရေးလှုပ်ရှားခြင်း မရှိသလို အခင်းဖြစ်ပွားသည်နေရာတွင် စစ်တပ် ကင်းပုန်းများသာရှိနေပြီး စစ်တပ်ဘက်က ကျူးလွန်ခြင်းဖြစ်သည်ဟု စုံစမ်းသိရကြောင်း ဆိုထားသည်။
စစ်ကောင်စီတပ်က ဝင်းနိမ္မိတာရုံဆရာတော်ကို ပစ်သတ်ပြီး ၅ ရက်အကြာတွင် မြင်းခြံမြို့ရှိ ဆရာ တော်တစ်ပါးကို ထပ်မံပစ်သတ်ခြင်းဖြစ်သည်။
ပုံစာ – မြင်းခြံ ဆခမရွာမှ ဆရာတော်ဦးဥတ္တမ စစ်ကောင်စီတပ်၏ ပစ်ခတ်ခံရမှုကြောင့် ပျံလွန်တော်မူသည်ကိုတွေ့ရစဉ်၊ ပစ်ခတ်ခံရသည့် ပရဟိတယာဉ်
#မန္တလေး #မြင်းခြံ #ဆခမကျေးရွာ #ဆရာတော် #စစ်ကောင်စီ #ပစ်ခတ် #ပျံလွန်တော်မူ #Ayeyarwaddy_Times