ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇွန် ၂၃ ရက်)

ပဋိပက္ခကာလအတွင်း ကျန်းကျန်းမာမာ‌နဲ့ ရှင်သန်နေထိုင်နိုင်ဖို့ ခက်ခဲကြပါတယ်။ အဆစ်အမြစ်ရောင်ဂေါက်ရောဂါရှိသူတွေမှာလည်း ပဋိပက္ခအတွင်း ကိုယ့်ကျန်းမာရေး ဂရုစိုက်နိုင်ဖို့ ရောဂါအကြောင်း နားလည်စေဖို့ ရေးသားလိုက်ပါတယ်။

🟥အဆစ်အမြစ်ရောင်ရမ်း‌ ဂေါက်ရောဂါ (Gouty arthritis )

အဆစ်အမြစ်ရောင်ရမ်း‌ ဂေါက်ရောဂါက မြန်မာတွေမှာအတွေ့များပါတယ်။ အသက် ၃၀ ကနေ ၅၀ ကြားရှိတဲ့ အမျိုးသားတွေမှာ ဂေါက်ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားလျက် ရှိပါတယ်။ ရုတ်တရက် အဆစ်အမြစ်တစ်ခု ရောင်ရမ်း၍ နီရဲခြင်းနှင့်အတူ ဆိုးရွားရွားနာကျင်ခြင်းကို ခံစားရပါတယ်။ ခြေမအဆစ်နေရာမှာ အဖြစ်များဆုံး ဖြစ်ပေမယ့် တစ်ခါတစ်လေ အဆစ်အမြစ်များစွာမှာ ရောင်ရမ်းတတ်ပါတယ်။

ဂေါက်ရောဂါ ထကြွပါက အဆစ်အမြစ်တစ်ခုလုံး မီးလောင်မီးစွဲသလို နာကျင်ခြင်း ခံစားရပြီး အိပ်ရာမှလန့်နိုးသည်အထိ ညအိပ်မပျော်တဲ့အထိ ပြင်းထန်တတ်ပါတယ်။ အဆစ်အမြစ်နာကျင်လွန်း၍ အိပ်ရာ ခင်းအစနှင့် ထိမိသည်ကိုပင် မခံမရပ်နိုင်အောင် ဖြစ်ရပါတယ်။ ဂေါက်ရောဂါရဲ့သဘောသဘာဝအရ ရောဂါဖြစ်နေစဉ်မခံမရပ်နိုင်အောင် နာကျင်‌ရပြီး ရောဂါသာသာသွားစဉ်တော့ အကောင်းတိုင်းဖြစ်နေပါမယ်။ ဒါကြောင့် နာကျင်ခြင်းတွေမဖြစ်ရအောင် ဆေးမှန်မှန်သောက်ပြီး ရောဂါကိုထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။

🟥ဂေါက်ရောဂါလက္ခဏာများ

မခံမရပ်နိုင်အောင်ခံစားရသော အဆစ်အမြစ်နာကျင်ခြင်းက ဂေါက်ရောဂါရဲ့ အဓိက ရောဂါလက္ခဏာဖြစ်ပါတယ်။ ခြေမအဆစ်မှာ အဖြစ်အများဆုံးဆိုသော်လည်း ခန္ဓာကိုယ်ရဲ့ ဘယ်အဆစ်အမြစ်မဆို ရောင်ရမ်းတတ်ပါတယ်။ ခြေကျင်းဝတ်အဆစ် ဒူးအဆစ် တံတောင်အဆစ် လက်ကောက်ဝတ်အဆစ် နှင့် လက်‌ချောင်း လက်အဆစ် တွေမှာ ဖြစ်တတ်ပါတယ်။ ရုတ်တရက် နာလာပြီး ၁၂ နာရီအတွင်း နာကျင်မှု အဆိုးရွာဆုံးအခြေအနေကိုရောက်ရှိပါတယ်။ နာကျင်နေပါကလုံးဝ လှုပ်ရှားမှုမပြု နိုင်သည်အထိ ဒုက္ခများရပြီး လှုပ်လိုက်တိုင်းနာကျင်ရပါတယ်။ တဖြည်းဖြည်း နာကျင်ခြင်းလျော့သွားပေမယ့်လည်း ရောင်ရမ်းကျန်ခဲ့တဲ့ အဆစ်ကရက်အတော် ကြာကြာအထိ လှုပ်ရှားရခက်ခဲတာ ဖြစ်ကျန်ခဲ့တတ်ပါတယ်။

🟥ဂေါက်ရောဂါဖြစ်စေသည့်အကြောင်းရင်း

သွေးအတွင်းမှာယူရစ်အက်စစ် ပမာဏများပြားလာပြီး အဆစ်အတွင်းမှာရှိတဲ့ အရည် ထဲမှာအပ်ချောင်းပုံသဏ္ဍာန် ( Urate crystals ) အပ်ချောင်းပုံရှိတဲ့ ယူရိတ်အမှုန်လေး တွေအဖြစ် အနည်ကျပြီး အဆစ်အတွင်းသားအလွှာကို ထိုးဆွရောင်ရမ်းစေပြီး အဆစ် အမြစ်ရောင်ရမ်း‌ဂေါက်ရောဂါ ဖြစ်လာရပါတော့တယ်။

သွေးတွင်းမှာ ယူရစ်အက်စစ်ကို ကျွန်တော်တို့ခန္ဓာကိုယ်ကလည်း သဘာဝအတိုင်း ထုတ်တဲ့ အခြေအနေတွေရှိပါတယ်။ ပျူရင်းဓာတ်(Purines) ကြွယ်ဝသော အစား အစာတွေစားသုံးခြင်းက ယူရစ်အက်ဆစ်ကိုများပြားစေနိုင်ပြီး အဆစ်အမြစ်ရောင် ဂေါက်ရောဂါ ထကြွစေပါတယ်။

🟥အဆစ်အမြစ်ရောင်ဂေါက်ရောဂါနှင့်မတည့်သောအစာများ ( Purines Rich foods)

အနီရောင်အသားများ၊ အသည်း၊ ဝမ်းတွင်းကလီစာများ ၊ ခရု၊ ဂုံး၊ ကမာ၊ ပင်လယ်စာများ၊ အရက်၊ ဘီယာ၊ ယမကာ သကြားပါဝင်မှုများသောဖျော်ရည်တွေက အဆစ်မြစ်ရောင် ဂေါက်ရောဂါရှိသူတွေရှောင်ရမယ့် အစားအသောက်တွေဖြစ်ပါတယ်။

မြန်မာနိုင်ငံက ဆရာဝန်တွေကတော့ “မြေပေါ်တစ်ထွာ မြေအောက်တစ်ထွာ” အစား အသောက်များရှောင်ဖို့ လမ်းညွှန်တတ်ကြပါတယ်။

ပဲပင်ပေါက်၊ မြေပဲ၊ ခရမ်းချဉ်သီး၊ မှို၊ မျှစ်၊ အညွန့်အညှောင့်၊ ငါးဥ၊ ကြက်ဥတွေကို အဓိက ရှောင်ခိုင်းကြပါတယ်။ ယခုလိုအစားအစာတွေစားတဲ့အခါ သွေးအတွင်းယူရစ်အက်ဆစ် များပြားလာပြီးကျောက်ကပ် ကိုဖြတ်သန်း၍ ဆီးအဖြစ်ခန္ဓာကိုယ်က စွန့်ထုတ်လိုက် ပါတယ်။ ကျောက်ကပ်ကစွန့်ထုတ်နိုင်တဲ့ ပမာဏထက်များပြားပြီး ပိုလျှံနေတဲ့ယူရစ် အက်ဆစ်တွေဟာ သွေးနဲ့အတူပျော်ဝင်ပြီးအဆစ်အမြစ်ထဲ‌မှာ နေရာယူပြီး ဒုက္ခတွေ ပေးပါတော့တယ်။

ကိုယ်အလေးချိန်တိုးနေပြီးဝနေသူများ၊ ဂေါက်ရောဂါခံစားဖူးသူ နဲ့ မျိုးရိုးရှိသူတွေမှာ ဂေါက်ရောဂါဖြစ်ပွားနိုင်ခြေများပါတယ်။ သွေးတိုးရောဂါခံစားနေရသူတွေ၊ ဆီးချိုရောဂါ ခံစားနေရသူတွေ၊ နှလုံးရောဂါခံစားနေရသူတွေနဲ့ ကျောက်ကပ်ရောဂါခံစားနေရသူ တွေမှာ လည်း ဂေါက်ပိုဖြစ်နိုင်ပါတယ်။

တချို့သောဆေးဝါးတွေကလည်း သွေးတွင်းယူရစ်အက်စစ် တက်‌စေတာကြောင့် အဆစ်မြစ်ရောင်ဂေါက်ရောဂါရှိသူတွေက မိမိသောက်နေကျဆေးတွေကိုသမားတော်နဲ့ ပြသတိုင်ပင်ခြင်းမျိုးကိုပြုလုပ်သင့်ပါတယ်။

🟥ဂေါက်ရောဂါနှင့်နောက်ဆက်တွဲပြဿနာများ

အဆစ်မြစ်နာကျင်မှု ပြန်ပြန်ဖြစ်ခြင်း၊ ဂေါက်ရောဂါကို စနစ်တကျကုသနေတဲ့ လူနာအချို့မှာ အဆစ်အမြစ်ရောင်ခြင်းမဖြစ်အောင် ထိန်းထားနိုင်ကြပေမယ့် စနစ်တကျ မကုသသူတွေကတော့ အဆစ်ရောင်ခြင်းကို အကြိမ်ရေများစွာ ပြန်ပြန်ဖြစ် နေကြရပါတယ်။‌ ဆေးကို စနစ်တကျမသောက်ဘဲနေပါက အဆစ်အမြစ်တစ်ခုလုံး ယောင်ရမ်းခြင်းကြောင့် ပုံပျက်သွားတဲ့အထိ ဖြစ်တတ်ပါတယ်။

🟥အရေပြားအဖုများ

ဂေါက်ရောဂါကြောင့် အရေပြားအောက်မှာ ယူရိတ်အမှုန်တွေ စုပုံလာပြီး တိုဖီ (Tophi) လို့ခေါ်သော အဖုအလုံးများအသွင် ဖြစ်ပေါ်လာတတ်ပါတယ်။

🟥ဆီးကျောက်တည်ခြင်း

သွေးအတွင်းမှာ ယူရစ်အက်ဆစ်ကို ကျောက်ကပ်မှ ယူရိတ်အမှုန်များအဖြစ် စွန့်ထုတ်စဉ် ယူရိတ်အမှုန်များစုစည်းပြီး ဆီးကျောက်တည်လာတတ်ပါတယ်။

ယခုလို နောက်ဆက်တွဲပြဿနာတွေမဖြစ်စေဖို့ အဆစ်အမြစ်ရောင်ရမ်းခြင်း‌ ဂေါက်ရော ဂါအတွက် အစားအသောက်ဆင်ခြင်ဖို့လိုအပ်ပါတယ်။ သွေးအတွင်းယူရစ်အက်စစ် (Uric Acid) ကို အချိန်မှန်မှန် စစ်ဆေးပြီး မှန်ကန်တဲ့ဆေးဝါးတွေဖြစ်တဲ့ Allopurinol , Febuxostat , Probenecid, Colchicine, NSAID များနဲ့ထိထိရောက်ရောက် ကုသဖို့လိုအပ်ပါတယ်။ ဆရာဝန်များ လက်လှမ်းမမီပါ တယ်လီကျန်းမာ online ကျန်းမာရေးဆေးခန်း မှ သမားတော်များနှင့် ပြသကြဖို့အတွက် အကြံပေးလိုပါတယ်။

နောက်တစ်ပတ်မှာတော့ သားအိမ်ခေါင်းကင်ဆာ ကျန်းမာရေးဆောင်းပါးကို တင်ဆက် ပေးသွားမှာဖြစ်ပါတယ်။ စောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာ။ Ayeyarwaddy Times ပရိသတ်များအားလုံးလည်း ကျန်းမာကြပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #အဆစ်အမြစ်ရောင်ဂေါက်ရောဂါ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)