ဧရာဝတီတိုင်းမ်
(လွိုင်ကော်)၊ ဇွန် ၂၁ ရက်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကောင်စီက ၎င်းတို့အုပ်ချုပ်ရေးယန္တရားကို အသက်သွင်းနိုင်ရန် ပြန်လည်ပြင်ဆင်နေကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ(IEC) ထံက သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန် ၁၈ ရက်နေ့ကလည်း လွိုင်ကော်မြို့ပေါ်ရှိ အထင်ကရ သင်တန်းကျောင်းတစ်ခုဖြစ်သည့် သူနာပြုသားဖွားသင်တန်းကျောင်း(လွိုင်ကော်) ကို ပြန်လည်ဖွင့်လှစ်‌နိုင်ရေးအတွက် ပြင်ဆင်နေကြောင်း စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာများထံက သိရသည်။

“စစ်ကောင်စီက လွိုင်ကော်မြို့မှာ သူတို့ရဲ့ယန္တရားကို ပြန်အသက်သွင်းချင်တာ ဖြစ်လို့လူထုတွေ ပြန်နေဖို့ ပြောတာတွေရှိတယ်။ ပြီးရင်တော့ သူတို့ရဲ့ သတင်းဌာနတွေ လူမှုကွန်ရက်တွေမှာ Propaganda (ဝါဒဖြန့်) လုပ်တယ်ပေါ့နော်။ လွိုင်ကော်မြို့က အခြေအနေမှန်ကိုပြန်ရောက်ပြီ ဆိုတာမျိုးတွေ လည်းပြောတာတွေ ဝါဒဖြန့်တာမျိုး တွေလုပ်တယ်” ဟု IEC အထွေထွေ အတွင်းရေးမှူး ခူးပလုရယ်က ဧရာဝတီတိုင်းမ် ကိုပြောသည်။

ထို့ပြင် စစ်ကောင်စီသည် တိုက်ပွဲကာလတွင် ၎င်းတို့မီးရှို့ဖျက်ဆီးခဲ့သည့် လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာ(ဗဟို)ဈေးကြီးကို စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ဇွန် ၁၅ ရက်နေ့တွင် မီးလောင်ထားသည့် အပျက်အစီးများကိုရှင်းလင်းကာ ဈေးပြန် လည်ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ထိုသို့ လွိုင်ကော်မြို့အတွင်း အုပ်ချုပ်ရေးယန္တရားပြန်လည်ပတ် နိုင်ရန်ကြိုးစားနေသော်လည်း လွိုင်ကော်မြို့နှင့် အနီးတဝိုက်တွင် နှစ်ဖက် တိုက်ပွဲများဖြစ်ပွား ဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီဘက်ကလည်း လွိုင်ကော်-မိုးဗြဲ-ဆီဆိုင် လမ်းခွဲ ကို ထိန်းချုပ်နိုင်ရန်ကြိုးစားနေကြောင်း သိရသည်။

“စစ်‌ရေးအရပြည်သူတွေကို အကာကွယ်ပြု လိုတဲ့အတွက်ကြောင့် ပြန်လာနေဖို့ ပြောတာမျိုး ဖြစ်တယ်လို့တော့ အားလုံးက သုံးသပ်နေတယ်။ ဆို‌တော့ အခုလက်ရှိ လွိုင်ကော်အခြေအနေက တည်ငြိမ်‌တယ်ဆိုတဲ့ဟာက ပြောရခက်ပါတယ်။ အခြေ အနေက အချိန်မရွေးပြောင်းလဲသွားနိုင်တဲ့ အနေအထားမျိုး ရှိပါ‌သေးတယ်ပေါ့နော်။ အဲ့လောက်ပဲ ကျွန်တော့် အနေနဲ့ကပြောကြား လိုပါတယ်ဗျ” ဟု အထွေထွေအတွင်းရေး မှူး ခူးပလုရယ်က ဆက်လက်ပြောသည်။

ထို့ပြင် စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန် လ ပထမပတ်က အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်ချိန်တွင် နယ်မြေတည်ငြိမ်မှုမရှိသေးသည့် လွိုင်ကော်မြို့တွင် အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်
ပုံစာ-စစ်ကောင်စီက ၎င်းတို့မီးရှို့ဖျက်ဆီးခဲ့သည့် လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာ(ဗဟို)ဈေးကြီးကို ရှင်းလင်ရန်ပြင်ဆင်နေစဉ်

#လွိုင်ကော် #စစ်ကောင်စီ #အုပ်ချုပ်ရေးယန္တရား #နယ်မြေတည်ငြိမ်ခြင်းမရှိ #Ayeyarwaddy_Times