ဧရာဝတီတိုင်းမ်
ဇွန် ၂၁ ရက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ စစ်ကောင်စီ၏နေပူတောင်စခန်းသို့ လာရောက် သည့် စစ်ကောင်စီစစ်ကြောင်းကို အာရက္ခတပ်တော် (AA) က ကြားဖြတ်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများပြား ကြောင်းသိရသည်။

ယမန်နေ့ ဇွန် ၂၀ရက်နေ့တွင် ပြည်မြို့ဘက်မှ တောင်ကုတ် နေပူတောင်စခန်းသို့လာသည့် စစ်ကောင်စီ၏ အင်အား ၁၅၀ပါစစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ယနေ့ ဇွန် ၂၁ရက်နေ့အထိ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း ရခိုင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“နေပူတောင်စခန်းကို အင်အားလာဖြည့်တဲ့ စစ်ကြောင်းကို တပ်တော်က ကြားဖြတ် တိုက်တာပါ။ စစ်တပ်ဘက်က ၆၀ ကျော်လောက် သေတယ်ကြားပါတယ်။ စစ်တပ်က တောင်ကုတ်ကိုတော့ အမိအရကာကွယ်မယ့်သဘောပဲ။ ပြည်ဒကစပါ အန္တရာယ်ရှိနေ တော့လေ” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားပြီး AAက စစ်ကောင်စီကို စစ်ကူလာရောက်‌ပေးနိုင်မည့်လမ်းကြောင်းများကို ပိတ်ဆို့ထားသည့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၁၅ရက်နေ့ကလည်း တောင်ကုတ်မြို့နယ်၊ ချောင်းကောက်ရပ်ကွက်တွင် စစ်ကောင်စီနှင့် AAတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ဗိုလ်မှူး အောင်ဇော်ထွန်းနှင့် တပ်ဖွဲ့ဝင် ခုနစ် ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီက တောင်ကုတ်မြို့နယ်ရှိ စစ်ရေးအရ အရေးပါသည့်နေရာများတွင် တပ်စွဲနေရာယူထားပြီး အမြင့်ပိုင်းနေရာများနှင့် အဆောက်အအုံအမြင့်တို့တွင် စနိုက်ပါနှင့် လက်နက်ကြီးများ တပ်ဆင်နေရာယူထားကြောင်း သိရသည်။

စစ်ကောင်စီသည် ဇွန် ၁၇ရက်နေ့က တောင်ကုတ်တက္ကသိုလ် အတွင်းသို့ လက်နက် ကြီးများဖြင့် ပစ်ခတ်ကာ တက္ကသိုလ်ရှိ ပညာရေးဝန်ထမ်းများကို မောင်းထုတ်ပြီးနောက် တောင်ကုတ်တက္ကသိုလ်အတွင်း အင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲနေထိုင်နေကြောင်း သိရသည်။

“လက်နက်ကြီးနဲ့ပစ်တာရော၊ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာရောက နေ့တိုင်းလိုဖြစ်နေတာ။ တောင်ကုတ်မြို့ပေါ်ထက် မီးချောင်းထိုး၊ မောင်းကန်၊ ကင်းတောင်ရွာတွေဘက်ကို ပိုပြီး ပစ်ခတ်တာတွေကို စစ်တပ်ကလုပ်နေတယ်။ AA ရှိမယ် ထင်တဲ့နေရာတွေကို ရမ်းသန်း ပစ်နေတာ။ မြို့ပေါ်ကလူတွေကိုလည်း ဘယ်မှပေးမထွက်တော့ဘူး။ သေကောင်ပေါင်းလဲ ဖြစ်မှပဲ ပေးထွက်မယ်ပြောတယ်” ဟု တောင်ကုတ်ဒေသခံက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက တောင်ကုတ်မြို့တွင်း ပြည်သူများကို မည်သည့်နေရာကိုမျှ စစ်ရှောင်ခွင့် မပေးတော့ဘဲ မြို့အတွင်း ပိတ်ဆို့ထားကြောင်း သိရသည်။

ပုံစာ-အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များ (ပုံဟောင်း)

#တောင်ကုတ် #နေပူတောင်စခန်း #စစ်ကောင်စီ #သေဆုံးမှုများ #AAကြားဖြတ်တိုက်ခိုက် #Ayeyarwaddy_Times